ဒေါ်နယ်ထရမ့်လက်ထက်က TikTok အပလီကေးရှင်းတားမြစ်မှုကို ဂျိုးဘိုင်ဒင် ပယ်ဖျက်

ဒေါ်နယ်ထရမ့်လက်ထက်က TikTok အပလီကေးရှင်းတားမြစ်မှုကို ဂျိုးဘိုင်ဒင် ပယ်ဖျက်

တရုတ်အပလီကေးရှင်းများဖြစ်သည့် TikTok နှင့် WeChat တို့ကို အမေရိကန်၌ အသုံးပြုခွင့် တားမြစ်ပိတ်ဆို့သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အထူးအမိန့်အာဏာအား သမ္မတ ဂျိုးဘိုင်ဒင်က ပယ်ဖျက်လိုက်သည်။

ထရမ့်၏ တားမြစ်ချက်အမိန့်ကြောင့် ဥပဒေအရ အငြင်းပွားမှုများဖြစ်ပွားသလို သက်ရောက်မှုလည်း မရှိခဲ့ပေ။

အဆိုပါ တားမြစ်မိန့်ကို ပယ်ဖျက်ပြီး အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တရုတ်ကဲ့သို့သော ပြည်ပနေရာများမှ ဖန်တီးထုတ်လုပ်ထားသည့် အပလီကေးရှင်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

အပလီကေးရှင်းများသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေခြင်းရှိ၊မရှိ အထောက်အထားရှာသွားရမည်ဖြစ်ကြောင်းလည်း ဘိုင်ဒင်က ပြောကြားသည်။

ယခု သတင်းနှင့် ပတ်သက်၍ TikTok ကုမ္ပဏီက မှတ်ချက်ပေးထားခြင်း မရှိသေးပေ။

နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည်ဟုဆိုကာ သမ္မတဟောင်းထရမ့်က တရုတ်ကုမ္ပဏီ Bytedance ၏ TikTok ဗီဒီယိုအပလီကေးရှင်းအား အွန်လိင်းမှ အသစ်ဆွဲယူခြင်းကို ၂၀၂၀ ပြည့်နှစ်တွင် တားမြစ်ခဲ့သည်။

အမရိကန်တွင် TikTok အသုံးပြုသူ လစဉ် သန်း ၈၀ ခန့်ရှိနေပြီး American Civil Liberties Union (ACLU) မှ အကြီးတန်းရှေ့နေ အက်ရှ်လေဂေါ်စကီက သမ္မတဘိုင်ဒင်၏ ယခုဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်သည်။

“အမေရိကန်က TikTok နဲ့ WeChat အသုံးပြုသူတွေရဲ့ အခွင့်အရေးကို သိသာစွာချိုးဖောက်တဲ့ ထရမ့်အစိုးရရဲ့ အထူးအမိန့်တွေကို ပယ်ဖျက်တာဟာ သမ္မတဘိုင်ဒင် မှန်ပါတယ်”

လာမည်သီတင်းပတ်တွင် သမ္မတဘိုင်ဒင်သည် ဥရောပကော်မရှင်ဥက္ကဌ အူစူလာဗန်ဒါလီယန်နှင့် အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားပြီး တရုတ်အနေဖြင့် နည်းပညာအင်အားကြီးနိုင်ငံအဖြစ် ကြီးထွားလာခြင်းကို ဟန့်တားရန် နည်းပညာနှင့် ကုန်သွယ်ရေးနယ်ပယ်များ၌ မိတ်ဖက်ပူးပေါင်းမှုကို ကြေညာသွားဖွယ်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly