အာဖဂန်မှ တပ်များရုပ်သိမ်းမှုကြောင့် ကက်ရှ်မီးယားဒေသတွင် တင်းမာမှုများ မြင့်တက်လာနိုင်

By CNSNews.com
14 June 2021
အာဖဂန်မှ တပ်များရုပ်သိမ်းမှုကြောင့် ကက်ရှ်မီးယားဒေသတွင် တင်းမာမှုများ မြင့်တက်လာနိုင်

အိမ်နီးချင်း အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသည့် နှစ်၂၀ ကျော်ကြာမြင့်ပြီဖြစ်သော စစ်ပွဲမှ အမေရိကန်က တပ်ဖွဲ့များကို ရုပ်သိမ်းလိုက်ခြင်းကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနိုင်သည်ဟု လေ့လာသူများက သုံးသပ်ပြော ကြားသည်။

“အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းသွားရင် ပါကစ္စတန်က ထောက်ပံ့ထားတဲ့ အကြမ်းဖက်မှုတွေဟာ ကက်ရှ်မီးယားဒေသမှာ ပိုမိုဆိုးရွားလာနိုင်ပါတယ်” ဟု Foundation for Defense of Democracies (FDD) ၏ အဖွဲ့ဝင်နှင့် အဆိုပါ ဖောင်ဒေးရှင်း၏ Long War Journal မှ အယ်ဒီတာဖြစ်သူ ဘီလ်ရိုဂီအိုက ပြောကြားသည်။

“အကြမ်းဖက်လုပ်ငန်းကို နိုင်ငံအနေနဲ့ ပံ့ပိုးတာဟာ နိုင်ငံခြားရေးမူဝါဒမှာ အလုပ်ဖြစ်တယ်ဆိုတာ ပါကစ္စတန်က သိထားတယ်။ တာလီဘန်တွေရဲ့ အောင်မြင်မှုဟာ ဂျီဟတ်အုပ်စုကို စိတ်ဓာတ်တက်ကြွစေတယ်”

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကက်ရှ်မီးယား၌ အိန္ဒိယရဲများကို ပစ်မှတ်ထားသည်ဆိုသော လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုတွင် ၉ ဦး သေဆုံးခဲ့သည်။ တင်းမာမှုများကို လျှော့ချရန် ဒူဘိုင်း၌ လျှို့ဝှက်စွာ တွေ့ဆုံ ဆွေးနွေးမှုအပြီး အိန္ဒိယနှင့် ပါကစ္စတန်ကို ပိုင်းခြားထားသည့် ကက်ရှ်မီးယားဒေသရှိ နယ်နမိတ်ထိန်းချုပ်မျဉ်းတွင် ဖေဖော်ဝါရီလကုန်ပိုင်းက ကြေညာထားခဲ့သည့် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ခြင်း မရှိသေးပေ။

ကာလရှည်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအပေါ် အိန္ဒိယက ပါကစ္စတန်အား ပြစ်တင်ရှုတ်ချထားသလို အကြမ်းဖက်သမားများကို အကူအညီပေးနေကြောင်းလည်း စွပ်စွဲထားသည်။ ပါကစ္စတန်တို့၏ အမြင်တွင် မွတ်စလင်များသည် ဟိန္ဒူအများစုဖြစ်သည့် အာဏာပိုင်များလက်၌ ဆိုးရွားစွာ လူ့အခွင့်အ‌ရေး ချိုးဖောက်ခံနေရကြောင်း သတ်မှတ်ထားသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ ပယ်ဖျက်ပြီးနောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိန်မှ လွတ်လပ်ရေးရခဲ့ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာသည်။

ယင်းလုပ်ရပ်သည့် ပါကစ္စတန်အစိုးရအား ဒေါသထွက်စေခဲ့သည်။

၁၉၈၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ အရှိန်ရလာသည့် စစ်သွေးကြွများ တိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အိန္ဒိယအစိုးရက ကြေညာထားသည်။ ပါကစ္စတန်က စစ်သွေးကြွများကို တိတ်တဆိတ် ထောက်ပံ့နေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားသော်လည်း ပါကစ္စတန်က အကြမ်းဖက် လုပ်ငန်းများ မလုပ်ဆောင်ကြောင်း ငြင်းဆိုထားသည့်အပြင် အိန္ဒိယသည် ကက်ရှ်မီးယားအမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကျူးလွန်ခြင်း၊ ဆန္ဒပြသူများအား ခဲစေ့ကျည်ဆံများအသုံးပြုဖြိုခွဲသောကြောင့် လူရာပေါင်းများစွာ မျက်လုံးကန်းစေခဲ့ကြောင်း ပြန်လည်စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required