တရုတ်၏ ပိုးလမ်းမစီမံကိန်းသစ်အပေါ် ဩစတြေးလျက ရဲရင့်ပွင့်လင်းစွာ ဝေဖန်သတိပေး

တရုတ်၏ ပိုးလမ်းမစီမံကိန်းသစ်အပေါ် ဩစတြေးလျက ရဲရင့်ပွင့်လင်းစွာ ဝေဖန်သတိပေး

တရုတ်၏ အငြင်းပွားဖွယ်ရာ ပိုးလမ်းမသစ်စီမံကိန်းအပေါ် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ဝေဖန်လိုက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ၎င်းတို့၏ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် တရုတ်၏ ငွေကြေးပံ့ပိုးမှုကို အားကိုးစရာ မလိုရန် အနောက်နိုင်ငံများက ကူညီပေးရန်လည်း တိုက်တွန်း ပြောကြားလိုက်သည်။

ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပါ့သ်မြို့၌ ပြောကြားသည့် မိန့်ခွန်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် မိမိတို့၏ အချုပ်အခြာ အာဏာ နယ်မြေပိုင်ဆိုင်မှုကို ထိပါးစေနိုင်ပြီး မြှီရှင်နိုင်ငံ၏ အကြွေးနွံတွင် နစ်စေမည့် ‘အကြွေးဖြင့် သံတမန်ဆက်ဆံမှု’ ကို မဖြစ်ဖို့ သတိထားကြရန် ဝန်ကြီးချုပ်က ပြောကြားသွားမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ ဒါဇင်ပေါင်းများစွာတွင် စီမံကိန်းများ တည်ဆောက်နေသော တရုတ်၏ အစီအစဉ်ကို ပြောင်းလဲမည့် အကူအညီများကို ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်အပါအဝင် အဖွဲ့အစည်းများကလည်း ပိုမိုရက်ရောစွာ ပေးကြရန် မော်ရစ်ဆင်က တိုက်တွန်းသွားမည်ဖြစ်သည်။

BRI စီမံကိန်းအရ ဗစ်တိုးရီးယားပြည်နယ်တွင် အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုသည် ဩစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ၊ လုံခြုံရေးတို့နှင့် မကိုက်ညီသောကြောင့် ဝန်ကြီးချုပ်က ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။

‘မှန်ကန်သည့် စံနှုန်းများမရှိသော၊ တန်ဖိုးကြီးလွန်းသော၊ သဘာဝပတ်ဝန်းကျင်အပေါ် ရေရှည်တွင် မကောင်းသော၊ အခက်အခဲများ ဖြစ်ပေါ်စေသော အခြေခံအဆောက်အဦများကို မလုပ်ဆောင်သင့်ပါဘူး” ဟု မော်ရစ်ဆင်က ပြောကြားသည်။

“စီမံကိန်းတွေဟာ အရည်အသွေးမြင့်ပြီး ငွေကြေးတတ်နိုင်တဲ့ ပမာဏမျိုး ဖြစ်သင့်ပါတယ်။ တကယ်လိုအပ်တာမျိုး ဖြစ်သင့်သလို ရေရှည်စီးပွားရေးအကျိုးဖြစ်ထွန်းစေရပါမယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလည်း မထိခိုက်စေသင့်ပါဘူး”

ကြွေးဆပ်နိုင်ရန် သီရိလင်္ကာနိုင်ငံက တရုတ်နိုင်ငံမှ ချေးငွေအများစုဖြင့် တည်ဆောက်ထားသည့် ဆိပ်ကမ်းသစ် ဟမ်ဘန်တိုတာအား တရုတ်ကုမ္ပဏီတစ်ခုသို့ ၉၉ နှစ် ငှားရမ်းခဲ့ရပြီးနောက် သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်က စတင်ခဲ့သော ပိုးလမ်းမသစ် စီမံကိန်းကို အနောက်နိုင်ငံများက အထူးသတိထားလာသည်။

တရုတ်နိုင်ငံသည် ခေတ်သစ် နယ်ချဲ့နည်းဖြင့် ဩဇာလွှမ်းမိုးရန် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကြွေးမြီချထားသည့် နည်းလမ်းကို အသုံးပြုနေကြောင်း ဝေဖန်သူများက ပြောကြားခြင်းအပေါ် တရုတ်အစိုးရက ငြင်းဆိုထားသည်။

Centre for Global Development က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် တရုတ်နှင့် စာချုပ်ချုပ်ဆိုထားပြီး အကြွေးနွံနစ်မည့် အန္တရာယ်ကြီးမားနေသည့် နိုင်ငံ ၈ နိုင်ငံရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့မှာ တရုတ်၏ တစ်ခုတည်းသော ပြည်ပစစ်အခြေစိုက်စခန်းရှိသည့် ဂျီဘူတီ၊ မော်လ်ဒိုက်၊ လာအို၊ မွန်တေနာဂရို၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်နှင့် ပါကစ္စတန်တို့ဖြစ်သည်။

အကြွေးအများစုကို နိုင်ငံပိုင် Export–Import Bank of China မှ ချေးယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required