တရုတ်ကုမ္ပဏီမှ ထောက်ပံ့မည့် အားကစား အသုံးအဆောင်များအား တိုကျိုအားကစားပြိုင်ပွဲတွင် အိန္ဒိယအားကစားသမားများ သုံးမည်မဟုတ်

တရုတ်ကုမ္ပဏီမှ ထောက်ပံ့မည့် အားကစား အသုံးအဆောင်များအား တိုကျိုအားကစားပြိုင်ပွဲတွင် အိန္ဒိယအားကစားသမားများ သုံးမည်မဟုတ်

ပြည်သူများ၏ မလိုလားမှုကြောင့် အားကစားဝတ်စုံများ ပံ့ပိုးရန် တရားဝင်ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီ Li Ning မှ ပစ္စည်းများကို လာမည့် တိုကျိုအားကစားပြိုင်ပွဲတွင် အသုံးပြုတော့မည်မဟုတ်ကြောင်း အိန္ဒိယ အိုလံပစ်အသင်း (IOA) က ဆုံးဖြတ်လိုက်ပြီး ၎င်းတို့၏ အားကစားသမားများအနေဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်မပါသည့် အဝတ်အစားများကိုသာ ဝတ်ဆင်သွားမည်ဟု ပြောကြားသည်။

ယမန်နှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ဟိမဝန္တာဒေသ နယ်စပ်အငြင်းပွာမှုတွင် တိုက်ခိုက်မှုများကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယတွင် တရုတ်ကုမ္ပဏီများအပေါ် မလိုလားမှုများ ရှိခဲ့သည်။

တိုကျိုအားကစားပြိုင်ပွဲပြီးနောက် အကျိုးတူစာချုပ် သက်တမ်းကုန်ဆုံးမည့် Li Ning ကုမ္ပဏီနှင့် ဆက်လက်ပူးပေါင်းရမည့် အခြေအနေကို ပြန်လည်သုံးသပ်ရန် IOA က လတ်တလောတွင် ဆုံးဖြတ်ထားသည်။

ယင်းကုမ္ပဏီက ပြုလုပ်ထားသည့် အိုလံပစ်အထိမ်းအမှတ်အသုံးအဆောင်တစ်ခုကို IOA က လွန်ခဲ့သည့် ၆ ရက်တွင် ပြသခဲ့သော်လည်း နိုင်ငံတွင်းမှ ပြည်သူများ၏ သဘောထားကို လေးစားသောအားဖြင့် ယင်းပစ္စည်းများကို အသုံးပြုတော့မည်မဟုတ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့သည်။

“ပရိသတ်တွေရဲ့ စိတ်ခံစားမှုကို နားလည်တာကြောင့် တရုတ်ကုမ္ပဏီရဲ့ အားကစားအသုံးအဆောင်ပစ္စည်း ပံ့ပိုးမှုကို လက်ခံမယ့် သဘောတူစာချုပ်ကိုဖျက်သိမ်းလိုက်ပါပြီ” ဟု IOA ဥက္ကဌနာရင်ဒါဘက်ထရာနှင့် အထွေထွေအတွင်းရေးမှူးရာဂျက်မက်တာတို့က ကြေညာချက်တွင် ပြောကြားထားသည်။

“မိမိတို့ရဲ့ အားကစားသမားတွေ၊ နည်းပြတွေနဲ့ အထောက်အကူပြု ဝန်ထမ်းတွေဟာ အမှတ်တံဆိပ်မပါတဲ့ အသုံးအဆောင်တွေကို အသုံးပြုသွားကြမှာပါ” ဟုလည်း ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly