ဇွဲကပင်အသင်းမှ ယူ-၂၁ လက်ရွေးစင် သိန်းဇော်အား နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်အသင်း ခေါ်ယူ

ဇွဲကပင်အသင်းမှ ယူ-၂၁ လက်ရွေးစင် သိန်းဇော်အား နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်အသင်း ခေါ်ယူ
ရန်ကုန်အသင်းမှ ခေါ်ယူစာချုပ်ခဲ့သည့် ဇွဲကပင်နောက်ခံလူ သိန်းဇော်။

ဒီဇင်ဘာ ၅၊ ရန်ကုန်။            ။ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း နှင့် ဇွဲကပင်အသင်း အဓိကနောက်ခံလူ သိန်းဇော်ကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းမှ ခေါ်ယူလိုက်သည် ဟု ်အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

သိန်းဇော်သည် ဇွဲကပင်လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၃ ဆီးဂိမ်းတွင် မြန်မာ့လက်ရွေးစင်အသင်း၌ ရွေးချယ်ခံခဲ့ရသည့်အပြင် ပြီးခဲ့သည့် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ တွင်လည်း မြန်မာ ယူ-၂၁ အသင်း၌ အဓိက နောက်ခံလူအဖြစ် ပါဝင်ကစားခဲ့သည်။

“ သိန်းဇော်ကို အသင်းအနေနဲ့ နှစ်နှစ်စာချုပ်ချုပ်ပြီး ခေါ်ယူပြီးပါပြီ။ ဒီရက်ပိုင်းအတွင်းပဲ ဘရာဇီးတိုက်စစ်မှူးကိုလည်း ခေါ်ထားပါတယ်။ နောက်ထပ် သြစတြေးလျနောက်ခံလူ တစ်ဦးကိုလည်း   ခြေစွမ်းပိုင်း စမ်းသပ်ဖို့ရှိပါတယ်။ ခေါ်ဖြစ်ရင်တော့ တရားဝင်သတင်းထုတ်ပြန်ပေးပါမယ်။ ပြည်တွင်းကစားသမားကတော့ ထပ်ခေါ်ဖြစ်ဖို့ ရှိနိုင်ပါတယ်။ သေချာမှပဲ ပြောပါရစေ။ အသင်းကို လာမယ့်ရာသီအတွက် နည်းပြအဖွဲ့နဲ့ရော တာဝန်ရှိသူတွေရော အားလုံးပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမှာပါ ” ဟု ဦးကျော်လင်းထွေးက လာမည့်ရာသီသစ်အတွက် ရန်ကုန်အသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ဘရာဇီးလူမျိုးနည်းပြ အီမာဆင်ကို ခေါ်ယူထားသည့်အပြင် တိုက်စစ်မှူးများနှင့် ဂိုးသမားအဖြစ် ဘရာဇီးလူမျိုး များဖြစ်သည့် အန်ဒီဆင်၊ မာဆယ်လို နှင့် ဖာနန်ဒို တို့ကို အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ပြည်တွင်းကစားသမားအသစ်အဖြစ် သိန်းဇော်အပါအဝင် ဧရာဝတီအသင်းမှ လက်ရွေးစင်ကစားသမား ကျော်မင်းဦးကိုလည်း အကြို သဘောတူညီမှု ရရှိနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly