ကိုဗစ်-၁၉ မူလဇစ်မြစ်၏ အချက်အလက်များ ထပ်မံပေးရန် တရုတ်ထံမှ အတင်းအဓမ္မ တောင်းဆိုခွင့်မရှိဟု WHO အရာရှိ ပြောကြား

ကိုဗစ်-၁၉ မူလဇစ်မြစ်၏ အချက်အလက်များ ထပ်မံပေးရန် တရုတ်ထံမှ အတင်းအဓမ္မ တောင်းဆိုခွင့်မရှိဟု WHO အရာရှိ ပြောကြား

ကိုဗစ်-၁၉ ရောဂါ၏ မူလဇစ်မြစ်အတွက် အချက်အလက်များ ထပ်မံထုတ်ပြန်ပေးရန် တရုတ်နိုင်ငံကို ဖိအားပေး တောင်းဆို၍ မရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ်အစီအစဉ်များ ဌာနညွှန်ကြားရေးမှူး မိုက်ခ်ရိုင်ယန်က ဇွန် ၇ ရက်က ပြောကြားခဲ့သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ WHO က ဘယ်သူ့ကိုမှ ဖိအားပေးနိုင်တဲ့ အာဏာမရှိပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားသည်ဟု အယ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဖွဲ့ဝင်နိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ထားသည်။ “ဒီလိုလုပ်ဆောင်ရာမှာ မိမိတို့ရဲ့ အဖွဲ့ဝင်နိုင်တွေရဲ့ အပြည့်အဝပူးပေါင်းပါဝင်မှု၊ ကူညီပံ့ပိုးမှုကို မျှော်လင့်ပါတယ်” ဟု ရိုင်ယန်က ပြောသည်။

ဗိုင်းရပ်သည် မည်သည့် နေရာတွင် နောက်တစ်ဆင့်သို့ ရောက်ရှိသွားသည်ကို သိရှိရန် လေ့လာမှုလိုအပ်ကြောင်း ၎င်းက အကြံပြုထားသည်။

ဗိုင်းရပ်သည် လင်းနို့ဖြစ်နိုင်ခြေရှိသည့် တိရစ္ဆာန်များမှ လူသို့ ကူးစက်ခြင်းနှင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းမှ လွတ်ထွက်ခြင်းကြောင့် ဖြစ်သည်ဟု မတူညီသော ယူဆချက်များရှိနေကြောင်း Al Jazeera သတင်းတွင် ဖော်ပြထားသည်။

ဗိုင်းရပ်၏ မူလဇစ်မြစ်များအကြောင်းကို အပြည့်အစုံ စစ်ဆေးမှု လုပ်ဆောင်ရန် ထင်ရှားသည့် သိပ္ပံပညာရှင်များက တောင်းဆိုပြီးနောက် ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ် လွတ်ထွက်သည်ဆိုသော အယူအဆအပေါ် ပြန်လည်ဆွေးနွေးမှုများ ရှိလာသည်။

ဗိုင်းရပ်သည် ဓာတ်ခွဲခန်းမှ မတော်တဆ စိမ့်ထွက်လာသည်ဆိုသော အယူအဆကို ကိုဗစ်စတင်ဖြစ်ပွားကာစ အချိန်က အများစုအနေဖြင့် လက်မခံခဲ့ကြပေ။ ရောဂါဖြစ်ပွားခြင်းသည် ဓာတ်ခွဲခန်းနှင့် မသက်ဆိုင်ဟု တရုတ်အစိုးရကလည်း ထပ်ကာတလဲလဲ ငြင်းဆိုခဲ့သည်။

ကိုဗစ်-၁၉ ၏ မူရင်းဇစ်မြစ်ကို ရှာဖွေရန် ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် WHO အဖွဲ့ဝင်များက ၎င်းတို့အနေဖြင့် အချက်အလက်အားလုံးကို မရခဲ့ဘဲ တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုအခြေအနေအပေါ် ပြောဆိုဝေဖန်မှုများ ဆက်လက်ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required