ကိုဗစ်-၁၉ မူလဇစ်မြစ်အပေါ် ပွင့်လင်းမြင်သာမှုမရှိသည့် တရုတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

ကိုဗစ်-၁၉ မူလဇစ်မြစ်အပေါ် ပွင့်လင်းမြင်သာမှုမရှိသည့် တရုတ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

ဝူဟန်တွင် စုံစမ်းစစ်ဆေးမှုအသစ်ပြုလုပ်ရန် ကမ္ဘာလုံးဆိုင်ရာ ဖိအားများမြင့်တက်နေချိန်တွင် ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိခြင်းအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်ကို ထပ်မံအပြစ်တင်လိုက်သည်။

" ဒီအကျပ်အတည်းအစကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သတင်းအချက်အလက်မျှဝေဖို့နဲ့ ပြည်ဝင်ခွင့်ပေးဖို့ဆိုတဲ့ အခြေခံတာဝန်တွေကို မဖြည့်ဆည်းတာက ဆိုးလွန်းပါတယ်" ဟု ဘလင်ကန်က အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီသို့ ပြောကြားခဲ့ကြောင်း Voice of America (VOA) မှ သတင်းဖော်ပြခဲ့သည်။

တရုတ်နှင့် နိုင်ငံအချို့သည် ၎င်းတို့က ကမ္ဘာ့အခြေအနေကို ရှုမြင်သည့်အတိုင်း နိုင်ငံတကာအဖွဲ့အစည်းများက မြင်လာစေရန် ကြိုးပမ်းနေကြောင်းနှင့် အဖွဲ့အစည်းများအနေဖြင့် တန်ဖိုးများ၊ စည်းမျဉ်းများ၊ လုပ်ဆောင်သည့်စည်းကမ်းများနှင့် ကမ္ဘာ၏ စည်းမျဉ်းများအတိုင်း လိုက်နာလုပ်ကိုင်ရန် ကော်မတီသို့ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးက အလေးထားပြောဆိုခဲ့သည်။

“မိမိတို့၏ မဟာမိတ်များနှင့် မိတ်ဖက်ပြုမှုများအားပြန်လည်အားဖြည့်ခြင်း၊ တရုတ်နိုင်ငံထက် ပိုမို ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်းနှင့် စည်းမျဉ်းအခြေခံသည့် နိုင်ငံတကာဖြစ်စဉ်များကို ဖောက်ဖျက်ပြီး အားနည်းအောင် ပြုလုပ်မည့်သူများရန်မှ ကာကွယ်ခြင်း၊ ပြည်တွင်း၊ပြည်ပတွင်လည်း ဒီမိုကရေစီစံနှုန်းများကို ပြန်လည်အသက်သွင်းခြင်းနှင့် မိမိတို့ ရန်သူများ၏ မကောင်းသောအပြုအမူများကို ဆန့်ကျင်ရပါမယ် " ဟု သူက ပြောသည်။

ကိုဗစ်-၁၉ ၏ မူလဇစ်မြစ်နှင့် ပတ်သက်သော အချက်အလက်များကို ထုတ်ဖော်ရန် WHO က တရုတ်ကို အတင်းအကျပ် မတောင်းဆိုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားထားသည်။

WHO ၏ အရေးပေါ်အခြေအနေလုပ်ငန်းဒါရိုက်တာ မိုက်ရိုင်ယန်က ယင်းကိစ္စနှင့် ပတ်သက်၍ WHO တွင် မည်သူ့ကိုမျှ အတင်းအကျပ်လုပ်ပိုင်ခွင့်အာဏာ မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ထွက်ပေါ်လာမှု သီအိုရီသည် မကြာသေးမီက ထင်ရှားသောသိပ္ပံပညာရှင်များက ဗိုင်းရပ်စ်၏မူလအစအပေါ်အပြည့်အဝ စုံစမ်းစစ်ဆေးရန်တောင်းဆိုပြီးနောက်တွင် လူအများအကြား ပြန်လည်ဆွေးနွေးငြင်းခုံရသည့် အကြောင်းအရာဖြစ်လာသည်။

ဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ မတော်တဆ ထွက်ပေါ်လာခြင်းဖြစ်သည်ဟူသော အယူအဆကို သိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်အစောပိုင်းအဆင့်များတွင် များစွာ လျစ်လျူရှုခဲ့သည်။ ကပ်ရောဂါဖြစ်ပွားမှုအတွက် ယင်းဓာတ်ခွဲခန်းတွင် တာဝန်ရှိသည်ဟူသော စွပ်စွဲချက်ကို တရုတ်က ထပ်ခါတလဲလဲ ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required