၂၀၂၀ ခုတွင် ခရီးသွား ရ သန်းခွဲ ၀င်ရောက်နိုင်ဟု ဟိုတယ်ခရီးဝန်ကြီး ပြောကြား

၂၀၂၀ ခုတွင် ခရီးသွား ရ သန်းခွဲ ၀င်ရောက်နိုင်ဟု ဟိုတယ်ခရီးဝန်ကြီး ပြောကြား

 ဒီဇင်ဘာ ၅ ။          ။ လာမည့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၇ ဒဿမ ၅ သန်း ဝင်ရောက် လာနိုင်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးဌေးအောင်က ဒီဇင်ဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှေ့အလားအလာနှင့်ဆက်စပ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

''အခုနှစ် နိုဝင်ဘာ နောက်ဆုံးစာရင်းအရ ၄ ဒဿမ ၂ သန်းကျော် ရှိတယ်။

ဒီဇင်ဘာမှာ ပိုတက်လာ နိုင်တယ်။ ရွေးကောက်ပွဲအပြီး တိုင်းပြည်အနေအထားအရ ပိုပြီးကောင်းလာနိုင်တယ်။ ဒီနှစ်ချုပ်မယ် ဆိုရင် ၄ ဒဿမ ၇ သန်း ပတ်ဝန်းကျင်ရှိလာနိုင်တယ်။ ၂၀၂၀ မှာ ၇ ဒဿမ ၅ သန်း ရနိုင်တယ်။'' ဟု ဝန်ကြီးက ပြောကြားသည်။

ထိုသို့ ခရီးသွားများ ပိုဝင်ရောက်လာနိုင်ရန် Master Plan အဖြစ် မူဝါဒ၊ ဖွဲ့စည်းပုံများ ပြုပြင်ပြောင်း လဲမည်၊ အရင်းအမြစ် အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး ရှင်သန်အောင်ပြုလုပ် မည်၊ ပတ်ဝန်းကျင် ငါးနိုင်ငံ ဝန်းရံထား၍ အခြေခံအဆောက်အအုံ တည်ဆောက်ရမည်၊ အင်းလေး၊ ငပလီ စသော ခရီးစဉ်ဒေသများ အမြဲတမ်းရှင်သန် တည်သန့်နေရန်လုပ်မည်၊ လူသားအရင်းအမြစ်   မြှင့်တင်မည်၊ Promotion ၊ Marketing လုပ်မည်ဟု ၂၀၁၃ - ၂၀၂၀ ခုနှစ် စီမံကိန်းရေးဆွဲထား ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရည်မွန်ကလည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ရှေ့အလားအလာ ပိုကောင်းလာနိုင်မည်ဟု မဇ္ဈိမသို့ ပြောသည်။

ခရီးသွားများလာသည်နှင့် အမျှ ဟိုတယ်များ၊ ဝန်ထမ်းများ အရည်အသွေးတိုးတက်လာအောင် သင်တန်းများပေး၍ ဘက်ပေါင်းစုံကခြုံငုံသုံးသပ်ပြီး ရှေ့အလားအလာ တိုးတက်အောင်လုပ်ဆောင်   နေသည်ဟု ၎င်းကဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ၁၉၉၃ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေတွင် မပါဝင်သော်လည်း   နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေ၊ ၁၉၉၀ ကုန်သွယ်ရေးဥပဒေအရ နိုင်ငံခြားသား ဖက်စပ် ကုမ္ပဏီ ၃၉ ခုနှင့် နိုင်ငံခြားသားပိုင် ကိုရီးယားကုမ္ပဏီ တစ်ခု တို့အား လုပ်ကိုင်ခွင့် ပေးထားသည်ဟု မဇ္ဈိမသို့ပြောသည်။

၁၉၉၃ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေအား ခေတ်စနစ်နှင့် ညီစွာ ၂၀၁၅ ဥပဒေ အသစ်ရေးဆွဲ၍ လွှတ်တော်သို့တင်ပြထားကာ အတည်ပြုချက်ရရန် စောင့်နေ သည်ဟု ဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလထိ ဟိုတယ် (၁၂၆၇) လုံး၊ အခန်းပေါင်း (၄၉၅၈၄) ခန်းရှိပြီး ခရီးသွားလုပ်ငန်းကုမ္ပဏီ စုစုပေါင်း (၁၉၂၂) ခုရှိသည်ဟု ဟိုတယ်ခရီးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းအခြေစိုက် TTG Asia Media မှ ချီးမြှင့်သော 2015`s Destination of the Year ဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly