၂၀၂၁ တွင် အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၁ တွင် အိန္ဒိယ စီးပွားရေးတိုးတက်မှုနှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်၌ ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၈ ရက်တွင် ခန့်မှန်းလိုက်သည်။ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကမ္ဘာပေါ်တွင် မကြုံစဖူး ထူးကဲကြီးမားသည့် အတိုင်းအတာဖြင့် ကူးစက်ဖြစ်ပွားနေခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းတစ်ခုက ယင်းနိုင်ငံ၏ ပြန်လည်နာလန်ထူမှုအပေါ် အဟန့်အတားဖြစ်စေလျက် ရှိနေစဉ် ကမ္ဘာ့ဘဏ်က အိန္ဒိယစီးပွားရေးတိုးတက်မှုနှုန်းထားများကို အထက်ပါအတိုင်း ခန့်မှန်းသွားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၀/၂၁ ဘဏ္ဍာနှစ်၏ ဒုတိယနှစ်၀က်အတွင်းက မြင်တွေ့ထားခဲ့ရသည့် အထူးသဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ၌ အပါအ၀င် လည်ပတ်လှုပ်ရှားမှုပိုင်းတွင် မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်သော ပြန်လည်ဦးမော့မှုကို ကြီးမားသော ကိုဗစ်-၁၉ ဒုတိယလှိုင်းက လျော့ပါးစေလျက် ရှိကြောင်း ၀ါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်က ယင်း၏ ကမ္ဘာ့ စီးပွားရေးအလားအလာများဆိုင်ရာ ထုတ်ပြန်ချက်သစ်ထဲတွင် မှတ်ချက်ပြုထားသည်။

“ကပ်ရောဂါ စဖြစ်ပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မတွေ့ခဲ့ရသေးတဲ့ အကြီးမားဆုံး ကူးစက်ဖြစ်ပွားမှုက အိန္ဒိယရဲ့ ပြန်လည်နာလန်ထူမှုကို အဟန့်အတားဖြစ်စေလျက် ရှိပါတယ်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

၂၀၂၀ ပြည့်နှစ်က အိန္ဒိယ စီးပွားရေးသည် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့၀င်ထားခဲ့လိမ့်မည်ဟု ခန့်မှန်းရသလို ၂၀၁၉ ခုနှစ်က စီးပွားရေးတိုးတက်မှုနှုန်း လေးရာခိုင်နှုန်း ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယအနေဖြင့် တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ရှိလိမ့်မည်ဟု ခန့်မှန်းရကြောင်း ယင်းက ဖြည့်စွက် ပြောသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားရေးသည်လည်း ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တိုးတက်လိမ့်မည်ဖြစ်ပြီး ယင်းက နှစ်ပေါင်း ၈၀ အတွင်း စီးပွားရေးကျဆင်းမှုတစ်ခုအလွန် အားအကောင်းဆုံး အရှိန်နှုန်းထားဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ယင်း၏ အစီရင်ခံစာတွင် ပြောထားသည်။

“အိန္ဒိယအတွက်ကတော့ ၂၀၂၁ ဧပြီလကနေ စတင်တဲ့ ၂၀၂၁/၂၂ ဘဏ္ဍာနှစ်မှာ ဂျီဒီပီဟာ ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်”ဟု ယင်းက ပြောသည်။

စီးပွားရေးဆိုင်ရာ လည်ပတ်လှုပ်ရှားမှုသည် အခြေခံအဆောက်အအုံ၊ ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးပိုင်းတွင် ငွေသုံးစွဲမှု ပိုမိုမြင့်မားခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုပိုင်းတွင် မျှော်မှန်းသည်ထက် ပိုမိုအားကောင်းသည့် ပြန်လည်နာလန်ထူမှု အပါအ၀င် မူ၀ါဒဆိုင်ရာ ပံ့ပိုးထောက်ကူမှုကနေ အကျိုးဖြစ်ထွန်းလိမ့်မည်ဟု ယင်းက ပြောသည်။

ခန့်မှန်းချက်သည် ၂ ဒသမ ၉ ရာခိုင်နှုန်း ပွိုင့် ပြင်ဆင်တိုးမြှင့်ထားသော်ငြား ယင်းက ၂၀၂၁ မတ်လနောက်ပိုင်း ကြီးမားသော ကိုဗစ်-၁၉ ဒုတိယလှိုင်းနှင့် ဗိုင်းရပ်စ်မပျံ့နှံ့စေရန် ရည်ရွယ်သည့် ရွေ့လျားသွားလာမှု ကန့်သတ်ပိတ်ပင်မှုများကနေတဆင့် ဖြစ်ပေါ်သည့် သိသာထင်ရှားသော မျှော်မှန်း စီးပွား‌ရေးထိခိုက်မှုကို ပြသနေသည်။

စီးပွားရေးလည်ပတ်လှုပ်ရှားမှုသည် ကိုဗစ်ပထမလှိုင်းအတွင်း မြင်တွေ့ထားခဲ့ရသည့် တူညီသော ကျဆင်းမှုနှင့် ပြန်လည် နာလန်ထူမှုအတိုင်း ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ရသည်။

“ကပ်ရောဂါကြောင့် စားသုံးမှုပိုင်းနဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းအပေါ် လျော့ပါးစေဖို့ ရှိသလို ယုံကြည်မှုပိုင်းမှာလည်း ဆက်လက် ထိုင်းမှိုင်းနေပြီး ငွေစာရင်း ရှင်းတမ်းတွေဟာလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်၊ ၂၀၂၂/၂၃ ဘဏ္ဍာနှစ်အတွင်း တိုးတက်မှုက ၇ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် နှေးကွေးသွားမယ်လို့ ခန့်မှန်းရပြီး ဒါဟာဆိုရင် အိမ်ထောင်စု၊ ကော်ပိုရိတ်လုပ်ငန်းတွေနဲ့ ဘဏ် ငွေစာရင်း ရှင်းတမ်းတွေအပေါ် ကိုဗစ်-၁၉ ရဲ့ စွဲကျန်နေတဲ့ သက်‌ရောက်မှုတွေနဲ့အတူ စားသုံးသူယုံကြည်မှုပိုင်းရဲ့ ဖြစ်နိုင်ခြေရှိ နိမ့်ကျတဲ့ လယ်ဗယ်တွေနဲ့ အလုပ်အကိုင်၊ ၀င်ငွေ အလားအလာတွေနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ မြင့်တက်မှု တို့ကို ထင်ဟပ်ပြသနေပါတယ်” ဟု ယင်းက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required