အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်ရှိ ခရိုင်အားလုံးတွင် ကိုဗစ်-၁၉ ကာဖျူး ချမှတ်ထားမှုကို ဖြေလျှော့ပေး

အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်ရှိ ခရိုင်အားလုံးတွင် ကိုဗစ်-၁၉ ကာဖျူး ချမှတ်ထားမှုကို ဖြေလျှော့ပေး

အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်၏ ခရိုင်ဒေသ ၇၅ ခုစလုံးတွင် ယခုအခါ ကိုဗစ်-၁၉ ကြောင့် ဆေးကုသမှုခံယူရဆဲလူနာဦးရေသည် ၆၀၀ အမှတ်အောက် ရောက်ရှိနေခြင်းနှင့်အတူ ယခုအခါ ပြည်နယ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကာဖျူးအမိန့် ထုတ်ပြန်ထားမှုတွင် ဖြေလျှော့မှုများ လုပ်ဆောင်ရန် ဇွန်လ ၈ ရက်က ဆုံးဖြတ်ခဲ့သည်။

“ဇွန်လ ၉ ရက်ကနေစလို့ ပြည်နယ်ရဲ့ ခရိုင်ဒေသအားလုံးမှာ ငါးရက်တာအတွက် မနက် ခုနစ်နာရီကနေ ည ခုနစ်နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကာဖျူးမိန့် ဖြေလျှော့မှု ရှိပါမယ်၊ ကိုဗစ်ကြောင့် ဆေးကုသမှုခံယူနေရဆဲလူနာအရေအတွက်ဟာလည်း ၆၀၀ အောက် ရောက်လာတာကြောင့်ပါ” ဟု ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ည ခုနစ်နာရီမှ မနက် ၇ နာရီအထိ ညမထွက်ရ ကာဖျူးမိန့်နှင့် သီတင်းပတ်ကုန် ကာဖျူးမိန့် (တစ်နေ့တာလုံးအတွက်) ကမူ ခရိုင်ဒေသအားလုံးတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်၀န်ကြီးချုပ် ယိုဂီ အဒစ်ယာနက်သ်က ဇွန်လ ၈ ရက်က အွန်လိုင်းကနေ ပြုလုပ်သည့် အဆင့်မြင့်လယ်ဗယ် အစည်းအဝေးတစ်ခုတွင် ကိုဗစ်-၁၉ အခြေအနေအပေါ် သုံးသပ်ကြည့်ရှုခဲ့ပြီးနောက် ကိုဗစ် ကာဖျူး ဖြေလျှော့မှုများ လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကူးစက်မှုနှုန်း လျော့နည်းခြင်းကို အကြောင်းပြုပြီး ခရိုင်‌ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ကာဖျူးမိန့်များ အသက်၀င်နေစေရန်အတွက် ဆေးကုသမှုခံယူဆဲလူနာအရေအတွက် စံသတ်မှတ်ချက် ၆၀၀ အဖြစ် သတ်မှတ်ထားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရသူသစ် ၇၉၇ ဦးသာ တွေ့ပါတော့တယ်၊ ခုချိန်မှာ ပြည်နယ်တစ်ခုလုံးမှာ ကိုဗစ်ကြောင့် ဆေးကုသမှုခံယူနေရဆဲ လူနာဦးရေဟာ ၁၄,၀၀၀ ပဲ ရှိနေပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“ဇွန်လ ၇ ရက်အထိ ကိုဗစ်‌ စစ်ဆေးမှုပေါင်း ၂၈၅,၀၀၀ လုပ်ထားပြီးပါပြီ၊ ပြည်နယ်မှာ ကိုဗစ်စစ်‌ဆေးမှုတွေကနေ ပိုးတွေ့လူနာတွေ့မှုနှုန်းက ၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သလို ရောဂါကနေ ပြန်လည်သက်သာနာလန်ထူမှုနှုန်းကလည်း ၉၇ ဒသမ ၉ ရာခိုင်နှုန်းအထိ တက်ထားခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly