တရုတ်နိုင်ငံတွင် နို့လိုအပ်နေသော်လည်း နွားမများ မရှိ

By The Forntier Post
11 June 2021
တရုတ်နိုင်ငံတွင် နို့လိုအပ်နေသော်လည်း နွားမများ မရှိ

တရုတ်နိုင်ငံတွင် နွားနို့များ လိုအပ်လျှက်ရှိသည်။ ကိုရိုနာဗိုင်းရပ် ဖြစ်ပေါ်နေစဉ်ကာလအတွင်း ဆရာဝန်များက နွားနို့၏ ကောင်းကျိုးများကြောင့် သောက်သုံးရန် တိုက်တွန်းမှုများကြောင့် နိုင်ငံတွင်း တစ်ဖြည်းဖြည်း မြင့်တက်နေသည့် နွားနို့လိုအပ်ချက်သည် ရုတ်တရက် ကြီးမားလာပြီး နို့ထုတ်လုပ်သည့် လုပ်ငန်းများကလည်း စက်ရုံများကို အပူတပြင်း တည်ဆောက်လာကြသည်။

သို့သော် ယင်းလိုအပ်ချက်တွင် ပြဿနာများ ရှိနေသည်။ အသစ်တည်ဆောက်မည့် နို့စက်ရုံများအတွက် နွားမကောင်ရေ သန်းပေါင်းများစွာ ရရှိရေးအတွက် အခက်အခဲများ ဖြစ်လာလိမ့်မည်။

တရုတ်သည် ကမ္ဘာပေါ်တွင် နွားနို့တတိယ အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ယမန်နှစ်က ထွက်ရှိခဲ့သည့် တန်ချိန် ၃၄ သန်းသည် ပြည်တွင်း လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ နွားစာကုန်ကျစရိတ်သည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသလို မြေနေရာနှင့် ရေ လိုအပ်ချက်လည်း ရှိလာသောကြောင့် နွားနို့ထုတ်လုပ်ရာတွင် နေရာအတွက် ကုန်ကျစရိတ် မြင့်တက်လာသည်။

နို့ကုန်ကြမ်းဈေး မြင့်တက်လာခြင်းနှင့် အစိုးရ၏ ထည့်ဝင်ပံ့ပိုးခြင်းများကြောင့် ယမန်နှစ်အတွင်းက တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံသစ် ၂၀၀ ထွက်ပေါ်ခဲ့ကြောင်း Beijing Orient Dairy အကြံပေးအဖွဲ့က ထုတ်ပြန်ထားသည်။

စီမံကိန်းသစ် ၆၀ ရာခိုင်နှုန်းအတွက် နွားမကောင်ရေ ၁သောင်းခန့် လိုအပ်နိုင်ပြီး စုစုပေါင်းအနေဖြင့် စီမံကိန်းသစ် များအတွက် တရုတ်နိုင်ငံအတွင်းရှိ လက်ရှိနွားကောင်ရေ၏ ထက်ဝက်ခန့်ဖြစ်‌သော နွားမကောင်ရေ ၂ ဒသမ ၅ သန်း လိုအပ်မည်ဖြစ်ကာ လာမည့်နှစ်များအတွင်း ဖြည့်စွက်သွားမည်ဖြစ်သည်။

ယင်းအခြေအနေကြောင့် နှစ်စဉ်ရောင်းရငွေပမာဏ ဒေါ်လာ ၆၂ သန်းရှိသော တရုတ်နိုင်ငံ၏နို့ထွက်ပစ္စည်းဈေးကွက်သည် ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသရှိ နို့ထွက်ပစ္စည်းလုပ်ငန်းကို ပံ့ပိုးမှု တစ်စိတ်တစ်ပိုင်းအဖြစ် နွားနို့အသုံးပြုမှု များပြားလာစေရန် ၎င်း၏ အကျိုးကျေးဇူးများကို အစိုးရက အားသွန်ခွန်စိုက် အားပေးလျှက်ရှိသည်။ သို့သော် တရုတ်နိုင်ငံတွင် လူတစ်ဦးချင်းစီ၏ တစ်နှစ် နွားနို့ သောက်သုံးမှုမှာ ၆ ဒသမ ၈ လီတာဖြစ်ပြီး အမေရိကန်တွင် ၅၀ လီတာဖြစ်ကြောင်း Euromonitor International ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

China Modern Dairy Holdings Ltd မှ စီအီးအို ဂေါင်လီနာက “တစ်ဦးချင်းစီရဲ့ တစ်ရက် ပျမ်းမျှနွားနို့သောက်သုံးမှုဟာ နည်းနေသေးပေမယ့် ဈေးကွက်အလားအလာကြီးမားပါတယ်” ဟု ပြောကြားသည်။

တရုတ်ပြည်သူများ အထူးသဖြင့် ကလေးငယ်များအကြား ချိစ်ပိုမိုစားသုံးလာသောကြောင့် နွားနို့ လိုအပ်ချက် များပြားလာနိုင်သည်ဟု ၎င်းက ပြောသည်။

ချိစ် ၁ ကီလိုဂရမ် ပြုလုပ်ရန် နွားနို့ ၁၀ ကီလိုဂရမ် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly