ဟောင်ကောင်ရှိ တီယန်မင်ရင်ပြင် ပြတိုက် ပိတ်လိုက်ခြင်းကို အမေရိကန် ပြစ်တင်ရှုတ်ချ

By ANI
10 June 2021
ဟောင်ကောင်ရှိ တီယန်မင်ရင်ပြင် ပြတိုက် ပိတ်လိုက်ခြင်းကို အမေရိကန် ပြစ်တင်ရှုတ်ချ

၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် တီယန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အမှတ်တရဖွင့်လှစ်ထားသည့် June 4th Museum အား ပိတ်ပစ်ရန် စီစဉ်ခဲ့သည့် ဟောင်ကောင်အာဏာပိုင်များကို အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချလိုက်သည်။

“အင်မတန်ထိတ်လန့်စရာကောင်းတဲ့ အစုလိုက်အပြုလိုက် သတ်ဖြတ်မှု သမိုင်းကြောင်းကို ဖျောက်ဖျက်ပြီး ဆန့်ကျင်ကန့်ကွက်သူတွေရဲ့ အသံကို ပိတ်သွားအောင် ဟောင်ကောင်နဲ့ တရုတ် အာဏာပိုင်တွေက လုပ်ဆောင်တာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရအရာရှိ ဂျလီနာပိုတာက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

တီယန်မင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ၃၂ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်မတိုင်မီ အာဏာပိုင်များက ပြတိုက်၏ လိုင်စင်နှင့် ပတ်သက်၍ စစ်ဆေးရန်ရှိသောကြောင့် ယာယီပိတ်ထားမည်ဟု ဟောင်ကောင်တာဝန်ရှိသူများက ပြောကြားလိုက်ခြင်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်း ဖြစ်သည်။

ပြခန်းများ ဖွင့်လှစ်ရန် လိုအပ်သော လိုင်စင်မရှိသောကြောင့် ဇွန်လ ၂ ရက်က ပြတိုက်ကို ပိတ်လိုက်ကြောင်း ဟောင်ကောင်အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NHK World တွင် ဖော်ပြသည်။

ပြတိုက်ကို တာဝန်ယူလုပ်ကိုင်နေသည့် တရုတ်မျိုးချစ် ဒီမိုကရက်တစ်လှုပ်ရှားမှုများကို ပံ့ပိုးသည့် ဟောင်ကောင်မဟာမိတ်အဖွဲ့ (Hong Kong Alliance) က ဥပဒေအကြံဉာဏ်ရယူစဉ်နှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ဆောင်ရွက်နေစဉ် ပြတိုက်ကို ပိတ်ထားမည်ဟု ဇွန်လ ၂ ရက်က ကြေညာလိုက်ကြောင်း Hong Kong Free Press က ဖော်ပြသည်။

Hong Kong Alliance သည် တီယန်မင်အမှတ်တရကို ဇွန်လ ၄ ရက်တွင် ဦးဆောင် ကျင်းပလေ့ရှိသည်။

ဇွန် ၄ ရက်က ဖွင့်လှစ်ခဲ့သည့် ပြတိုက်သို့ လာရောက်လည်ပတ်သူ အများအပြားရှိခဲ့ကြောင်း NHK World တွင် ဖော်ပြခဲ့သည်။

Hong Kong Alliance အနေဖြင့် ဇွန်၄ ရက်ညနေပိုင်းတွင် ဟောင်ကောင်အလယ်ပိုင်းရှိ ပန်းခြံတစ်ခုတွင် အထိမ်းအမှတ် စုဝေးပွဲကို ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်တားဆီးရေး အကြောင်းပြချက်ဖြင့် အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required