တရုတ်နှင့် ရောဂါပိုးမွှား ပူးပေါင်းလေ့လာထားသည့် အရေးကြီး စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် ကနေဒါပါလီမန် တောင်းဆို

တရုတ်နှင့် ရောဂါပိုးမွှား ပူးပေါင်းလေ့လာထားသည့် အရေးကြီး စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် ကနေဒါပါလီမန် တောင်းဆို

ကိုဗစ်-၁၉ ရောဂါ၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများက ဖိအားပေးနေချိန်တွင် အသက်သေဆုံးစေသော ဗိုင်းရပ်ပိုး လေ့လာမှုနှင့် သိပ္ပံပညာရှင် ၂ ဦးအား တာဝန်မှ ဖယ်ရှားမှုနှင့် သက်ဆိုင်သော တရုတ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် အရေးကြီးသော စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် ကနေဒါပါလီမန်က ပြည်သူ့ ကျန်းမာရေးအေဂျင်စီ (PHAC) သို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တောင်းဆိုလိုက်သည်။

ကနေဒါနိုင်ငံ၊ ဝင်နီပက်မြို့ရှိ အမျိုးသား အနုဇီဝဓာတ်ခွဲခန်းမှ အီဘိုလာနှင့် ဟင်နီပါ ဗိုင်းရ့ပ်များကို ဝူဟန်ဗိုင်းရပ်ဗေဒဌာနသို့ (WIV) သို့ လွှဲပြောင်းပေးခြင်း၊ သိပ္ပံပညာရှင် ရှီကွမ်ကျူးနှင့် ကီဒင်ချန်းတို့ကို လေ့လာရေး လုပ်ငန်းစဉ်၏ လုံခြုံရေးအတွက် တာဝန်မှဖယ်ရှားလိုက်ခြင်းတို့နှင့် သက်ဆိုင်သည့် အရေးပါသော စာရွက်စာတမ်းများကို အေဂျင်စီက ပါလီမန်သို့ လွှဲပြောင်းပေးရန် ထောက်ခံမဲ ၁၇၉မဲ၊ ကန့်ကွက်မဲ ၁၄၉ မဲဖြင့် အတည်ပြုလိုက်ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ အရေးကြီးစာရွက်စာတမ်းများကို စုံစမ်းလေ့လာမှု လုပ်ဆောင်နေသည့် ကနေဒါ-တရုတ် ဆက်ဆံရေးအထူးကော်မတီသို့ လွှဲပြောင်းပေးရန် PHAC အနေဖြင့် ယခင်က ငြင်းဆိုခဲ့သည်။

ကနေဒါနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး ကူးစက်ရောဂါ ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များသည် အသက်သေစေနိုင်သည့် ဗိုင်းရပ်များအား စမ်းသပ်စစ်ဆေးရန် တရုတ် စစ်ဖက် သုတေသနပညာရှင်များနှင့် ပူးပေါင်း လုပ်ကိုင်နေကြောင်း မီဒီယာသတင်းများ ထွက်ပေါ်လာပြီးနောက် ပါလီမန်တွင် ယခုကဲ့သို့ မဲခွဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

PHAC အနေဖြင့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးရန် ၄၈ နာရီ အချိန်ရမည်ဖြစ်ပြီး လွှဲပြောင်းရယူပြီး ၂ ပတ်အကြာတွင် ကျန်းမာရေးဝန်ကြီး ပတ်တီဟက်ဒူက ကော်မတီရှေ့မှောက်တွင် လာရောက် အစစ်ခံရမည်ဟု Sputnik သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီအများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ၏ မူလအစကို သိရှိရန် အင်အားပိုမိုစိုက်ထုတ် စုံစမ်းပြီး တွေ့ရှိချက်ကို ရက် ၉၀ အတွင်း ပြန်လည်အစီရင်ခံရန် သမ္မတဘိုင်ဒင်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမိန့်ထုတ်ပြန်ထားသည်။

ဘိုင်ဒင်အစိုးရ၏ လုပ်ဆောင်မှုသည် သိပ္ပံပညာအပေါ် အလေးမထားရာရောက်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျောင်လိယန်က ပြန်လည်ပြောကြားထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုနှစ်အတွင်း စုံစမ်းစစ်ရေးမှုတွင် ဗိုင်းရပ်ပိုးသည် ဓာတ်ခွဲခန်းမှ စိမ့်ထွက်လာသည်ဆိုသော ဖြစ်နိုင်ခြေမပါဝင်သော်လည်း ယင်းကဲ့သို့ စုံစမ်းရာတွင် ဗိုင်းရပ်၏ မူလဇစ်မြစ်ကို

ဆုံးဖြတ်နိုင်‌လောက်သည့် လိုအပ်သော လေ့လာမှုများ မပါဝင်ခဲ့ကြောင်း သုံးသပ်မှု အများအပြားရှိနေသည်။ နောက်ဆုံး လေ့လာမှုတစ်ခုအရ တရုတ်သိပ္ပံပညာရှင်များသည် ဗိုင်းရပ်ကို ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတွင် ဖန်တီးပြီးနောက် လင်းနို့မှ သဘာဝနည်းဖြင့် ပုံစံပြောင်းသွားသကဲ့သို့ ဖြစ်စေရန် ပုံပြောင်းဖန်တီးမှု နည်းလမ်းဖြင့် ဗိုင်းရပ်ထွက်ပေါ်သည့် လမ်းကြောင်းကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ် SARS-CoV-2 တွင် သိသာလောက်စွာ ဆင်းသက်လာသည့် မျိုးဆက်မရှိဘဲ ဝူဟန်မြို့ရှိ Gain of Function စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်သိပ္ပံပညာရှင်များက ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်ပါမောက္ခ အန်ဂက်စ်ဒဲဂလစ်ရှ်နှင့် နော်ဝေသိပ္ပံပညာရှင် ဒေါက်တာဘိဂါဆိုရင်ဆန်တို့၏ သုတေသန စာတမ်းသစ်တစ်စောင်ကို ကိုးကား၍ Daily Mail သတင်းတွင် ဇွန် ၇ ရက်က ဖော်ပြခဲ့သည်။

တရုတ်အစိုးရက ကိုဗစ်ကဲ့သို့ ရောဂါလက္ခဏာခံစားရသည့် ပထမဆုံးလူနာတွေ့ရှိကြောင်း မထုတ်ပြန်မီ ၁ လအလိုက ဝူဟန်မြို့ ဗိုင်းရပ်ဗေဒဌာနမှ သုတေသနပညာရှင် ၃ ဦးကို ဆေးရုံတင် ကုသခဲ့ရကြောင်း ယခုလအစောပိုင်းက ဝေါစထရိဂျာနယ်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly