အစိုးရအင်စတီကျူးရှင်းကို အသရေဖျက်မှုဖြင့် စုံစမ်းမေးမြန်းရန် ပါကစ္စတန်ဂျာနယ်လစ်တစ်ဦးကို စုံစမ်းစစ်ဆေးရေးအေဂျင်စီက ဆင့်ခေါ်

By Yahoo News
10 June 2021
အစိုးရအင်စတီကျူးရှင်းကို အသရေဖျက်မှုဖြင့် စုံစမ်းမေးမြန်းရန် ပါကစ္စတန်ဂျာနယ်လစ်တစ်ဦးကို စုံစမ်းစစ်ဆေးရေးအေဂျင်စီက ဆင့်ခေါ်

‘အစိုးရ အင်စတီကျူးရှင်းကို အသရေပျက်စေမှု’နှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်တွင် လာ‌ရောက်အစစ်ဆေးခံ ထွက်ဆိုပြောကြားရန်အတွက် လူသိများသော ပါကစ္စတန် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် အေဆက်ဒ် အလီ တိုး ကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (FIA) က သမ္မန်စာချခေါ်ထားခဲ့သည်။ ပါကစ္စတန်ဂျာနယ်လစ် အေဆက်ဒ်သည် မကြာသေးခင်က မျက်နှာဖုံးတပ် အမျိုးသားသုံးဦး၏ တိုက်ခိုက်ခြင်းကို ခံထားခဲ့ရသူလည်း ဖြစ်ပြီး ယခုအခါ ၎င်းအား FIA က ဆင့်ခေါ်ထားခဲ့ခြင်းဖြစ်သည်။

ရ၀ယ်ပင်ဒီမြို့ရှိ FIA ဆိုက်ဘာအမှုအခင်း တိုင်ကြားမှု စင်တာသည် ‘ထုတ်ပြန်ချက် မှတ်တမ်းရယူခြင်းဆိုင်ရာ ပုဒ်မ ၁၆၀ CrPC အောက်တွင် တက်ရောက်စစ်ဆေးခံရေး ညွန်ကြားချက်’ ဟု ခေါင်းစဥ်တပ်ထားသည့် နို့တစ်စာ တစ်စောင်ကို အစ္စလမ်မာဘတ်မြို့ရှိ အေဆက်ဒ်၏ နေအိမ်သို့ ပေးပို့ခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

နို့တစ်စာအရ ရ၀ယ်ပင်ဒီရှိ FIA ဆိုက်ဘာ အမှုအခင်းတိုင်ကြားရေး စင်တာသည် ဖေးယက်ဒ် မာမွတ် ရာဂျာဆိုသူ ပုဂ္ဂိုလ်တစ်ဦး၏ တိုင်ကြားချက်တစ်ခုအရ ဆိုရှယ်မီဒီယာကနေတဆင့် ပါကစ္စတန်အစိုးရ အင်စတီကျူးရှင်းကို အသရေဖျက်မှုနှင့်စပ်လျင်းပြီး စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်နေကြောင်း သိရသည်။

“ရရှိထားတဲ့ အချက်အလက်တွေအရ ခင်ဗျားဟာ အခု ပြောထားတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေနဲ့ အခြေအနေတွေကို ကောင်းကောင်း သိတယ်ဆိုတာကို ပြသနေပါတယ်” ဟု ယင်းတွင် ဖတ်ရှုရသည်။

“ဒါကြောင့်မို့လို့ ခင်ဗျားကို ပြောထားသလိုပဲ ဒီလိုမျိုးမေးခွန်းတွေကို ဖြေကြားဖို့အတွက် ၂၀၂၁ ဇွန်လ ၄ ရက် မနက် ၁၁ နာရီမှာ ရ၀ယ်ပင်ဒီမှာ ရှိတဲ့ FIA ဆိုက်ဘာမှုခင်း တိုင်ကြားရေးစင်တာ ရဲစခန်းဆီ လာ‌ရောက်အစစ်ခံဖို့ ညွှန်ကြားပါတယ်” ဟု ယင်းတွင် ရေးထားသည်။

တိုင်ကြားချက်ထဲတွင် ရာဂျာက ပြောထားရာတွင် ၎င်းသည် မေလ ၂၇ ရက်က အေဆက်ဒ် အလီ တိုး ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခုကို ကြည့်ရှုခဲ့ရကြောင်း၊ ယင်းဗီဒီယိုထဲတွင် အေဆက်ဒ်သည် မိမိတို့ အလေးထားသည့် အင်စတီကျူးရှင်းများကို စွပ်စွဲချက်များ ပြောဆိုထားခဲ့ကြောင်း ရာဂျာက ပြောခဲ့သည်။

ယင်းနောက် ၎င်းသည် အေဆက်ဒ်၏ တွစ်တာနှင့် ယူကျူ့ ချန်နယ်များကို ၀င်ရှာကြည့်ရှုခဲ့သည်ဟု ရာဂျာက ပြောသည်။ “ဒီလူက သီးသန့်လုပ်ငန်းစဥ်နဲ့ လျှို့၀ှက်ပူးပေါင်းကြံစည်မှုတစ်ခုကနေပြီးတော့ ကျွန်တော်တို့ရဲ့ အင်စတီကျူးရှင်းတွေကို စွပ်စွဲချက်တွေ လုပ်နေတယ် ဆိုတာကို သိလိုက်ရတော့ အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်” ဟုလည်း ရာဂျာက ပြောသည်။

ယင်းအတွက်ကြောင့် ဂျာနယ်လစ်ဖြစ်သည့် အေဆက်ဒ်ကို အရေးယူဆောင်ရွက်ပေးရန် FIA ထံ တိုင်ကြားသူက တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်က ဂျာနယ်လစ် အေဆက်ဒ် အလီ တိုးသည် အစ္စလမ်မာဘတ်ရှိ နယ်မြေ F-10 ရှိ ၎င်း၏ နေအိမ်ပြင်ပတွင် မည်သူမည်၀ါ မသိရသည့် လူများ၏ ရိုက်နှက်ခြင်းကို အပြင်းအထန် ခံခဲ့ရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ လူတစ်ချို့သည် တိုက်ခန်းအဆောက်အအုံတစ်ခုအနီးရှိ ဂျာနယ်လစ်၏ နေအိမ်ပြင်ပတွင် စု‌ဝေးရောက်ရှိခဲ့ကြသည်ဟု ဆိုသည်။ ထို့နောက် ဂျာနယ်လစ် အေဆက်ဒ်နှင့် အဆိုပါလူများအကြား လုံးထွေးသတ်ပုတ်မှု ဖြစ်ခဲ့ပြီး အဆိုပါ လူများသည် ၎င်းအား ရိုက်နှက်ပြီး နေရာကနေ ထွက်ပြေးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ပါကစ္စတန် ဂျာနယ်လစ် တိုက်ခိုက်ခံရမှု နောက်ပိုင်း အတိုက်အခံ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သလို အမျိုးသားလွှတ်တော် လူ့အခွင့်အရေးဆိုင်ရာအမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဘီလာ၀ယ်လ် ဘူတို ဇာဒါရီက ပြောကြားရာတွင် ၀န်ကြီးချုပ် အီမရန် ခန်းအနေဖြင့် နိုင်ငံတွင် မီဒီယာသည် လုံး၀ လွတ်လပ်မှုရှိသည် ဆိုပြီး နိုင်ငံတကာကို အလိမ်အညာများ ပြောဆိုနေခြင်းအပေါ် အရှက်ရသင့်ကြောင်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly