အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု တိုးမြှင့်ခြင်းက ‘game changer’ ဖြစ်လာလိမ့်မည်ဟု အမေရိကန် ပြော

အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု တိုးမြှင့်ခြင်းက ‘game changer’ ဖြစ်လာလိမ့်မည်ဟု အမေရိကန် ပြော

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်စွမ်းပိုင်းကို မြှင့်တင်ခြင်းက ယင်းနိုင်ငံ၏ နယ်စပ်များကို ကောင်းစွာ ကျော်လွန်ပြီး ‘game changer’ (ကစားပွဲကို ပြောင်းလဲစေမှု သို့မဟုတ် တကယ့် အပြောင်းအလဲကို ဖြစ်စေနိုင်မှု) တစ်ခု ဖြစ်လာနိုင်မည့် အလားအလာရှိကြောင်း သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရက ဇွန်လ ၃ ရက်က ပြောကြားခဲ့သည်။

“အဲဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ အိန္ဒိယဟာ ကိုဗစ်ကူးစက်ဖြစ်ပွားမှုကြောင့် အကြီးအကျယ် ထိခိုက်ခံစားထားခဲ့ရလို့ဖြစ်ပါတယ်၊ အခြေခံအားဖြင့်လည်း အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ ဘယ်အစုအဖွဲ့မှ ဒီ အလွန်ဆိုးရွားတဲ့ ကပ်ဘေးကြောင့် မထိမခိုက်ဘဲ ကျန်ရစ်ခဲ့တာမျိုး မရှိပါဘူး၊ ဒါကြောင့်လည်း အိန္ဒိယမှာ ကာကွယ်ဆေး ထုတ်လုပ်မှုပိုင်း တိုးမြှင့်ဖို့အတွက် ကျွန်တော်တို့ အလေးထား ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က သတင်းထောက်များကို ပြောသည်။

“အိန္ဒိယမှာ ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်း တိုးမြင့်မှုနဲ့ လုပ်နိုင်စွမ်း ပမာဏက အိန္ဒိယရဲ့ နယ်စပ်တွေကို ကျော်လွန်ပြီးတော့ တကယ့် အပြောင်းအလဲကို ဖြစ်စေနိုင်မှုတစ်ရပ် ဖြစ်နိုင်မယ့် အလားအလာ ရှိပါတယ်၊ ဒါကြောင့်လည်း အတိအကျပြောရရင် Quad အုပ်စု ခေါင်းစဥ်အောက်မှာ ဒီအစီအစဥ်ကို လုပ်ဆောင်ခဲ့ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော Quad အုပ်စု၏ ယခုနှစ်အစောပိုင်း ပထမဆုံးသော အွန်လိုင်းထိပ်သီးတွေ့ဆုံမှုတစ်ခုတွင် အိန္ဒိယ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရေးအတွက် အတူတကွ လုပ်ဆောင်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

လက်ရှိအချိန်အထိ အမေရိကန်သည် အိန္ဒိယကို ကိုဗစ်-၁၉ ဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ သန်း ၅၀၀ ပံ့ပိုးပေးအပ်ထားခဲ့သည်။ ယင်းတွင် အစိုးရထံမှ ထောက်ပံ့သော ကန်ဒေါ်လာ သန်း ၁၀၀ လည်း ပါ၀င်သည်။ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန် အပါအ၀င် အမေရိကန်အစိုးရတစ်ဖွဲ့လုံးသည် အိန္ဒိယထံ အကူအညီပေးအပ်ရေးပိုင်းတွင် ပုဂ္ဂလိကကဏ္ဍမှ ငွေထည့်၀င်စေ‌ရေးအတွက် လှုံ့ဆော်မှုများကို ဦးဆောင်အားထုတ်ထားခဲ့သည်ဟု နက်ဒ် ပရိုက်စ်က ပြောသည်။

“အမေရိကန် အစိုးရရဲ့ ထည့်၀င်ထောက်ပံ့မှုတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍရဲ့ ထည့်၀င်ပံ့ပိုးမှုတွေ အတူတကွ ဖြစ်ပေါ်တာကို တွေ့ရတာ ကျွန်တော်တို့ အင်မတန် ၀မ်းမြောက်ရပါတယ်၊ ဒါကြောင့် တကယ်တမ်း အကူအညီ လိုအပ်နေချိန်မှာ အိန္ဒိယထံ ဒေါ်လာ သန်း ၅၀၀ ကူညီ ထောက်ပံ့ပေးခဲ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သမ္မတ ဘိုင်ဒင် အစိုးရသည် အိန္ဒိယအပါအ၀င် အခြားသော နိုင်ငံများသို့ ကိုဗစ် ကာကွယ်ဆေး ၂၅ သန်း ပေးပို့လှူဒါန်းမည်ဟုလည်း ဇွန်လ ၃ ရက်က ကြေညာခဲ့သည်။

“ဒီလကုန် မတိုင်ခင် ပြည်ပကို ပေးပို့မယ်လို့ အစိုးရဘက်က ကတိပြုထားတဲ့ ကာကွယ်ဆေးအလုံးပေါင်း ၅၅ သန်း ဆက်ရှိနေပါသေးတယ်” ဟု ပရိုက်စ်က ပြောသည်။ ယင်းနှင့်ပတ်သက်သည့် ကြေညာချက်တစ်ခုလည်း လာမည့် သီတင်းပတ်များအတွင်း ထွက်ပေါ်လာနိုင်သည်ဟုလည်း ၎င်းက ထပ်လောင်း ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly