ဟွာဝေးက ဂူးဂဲလ်အန်းဒရိုက်ကို ယှဉ်ပြိုင်မည့် ကိုယ်ပိုင်အသုံးပြုစနစ်ကို ထုတ်ပြန်

ဟွာဝေးက ဂူးဂဲလ်အန်းဒရိုက်ကို ယှဉ်ပြိုင်မည့် ကိုယ်ပိုင်အသုံးပြုစနစ်ကို ထုတ်ပြန်

ဟွာဝေးကုမ္ပဏီသည် ဂူးဂဲလ်၏ လက်ဝါးကြီးအုပ်မှုကို အဆုံးသတ်နိုင်ရန် ကိုယ်ပိုင်တီထွင်ထားသည့် အသုံးပြုစနစ် HarmonyOS 2 ကို ကြေညာလိုက်သည်။ ယင်းစနစ်ကို စမတ်ဖုန်းအပါအဝင် ကိရိယာအမျိုးအစား ၁၀၀ တွင် အသုံးပြုသွားမည်ဖြစ်သည်။

အမေရိကန်၏ တားဆီးကန့်သတ်မှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဟွာဝေးကုမ္ပဏီက ကိုယ်ပိုင်အသုံးပြုစနစ် (operating system-OS) ကို ဖန်တီးမည်ဟု ကြေညာခဲ့ပြီး ဂူးဂဲလ်၏ အန်းဒရိုက်စနစ်အပေါ် မှီခိုမှု အဆုံးသတ်ရန် HarmonyOS စနစ်ကို မိတ်ဆက်လိုက်သည်။

ယမန်နှစ် စက်တင်ဘာလက ဟွာဝေးသည် HarmonyOS ကို ကြေညာခဲ့ပြီးယခုထွက်ပေါ်လာသည့် HarmonyOS 2.0 သည် ဆော့ဖ်ဝဲ၊ အချက်အလက် စီမံခန့်ခွဲခြင်းနှင့် လုံခြုံရေးပိုင်းတွင် ပိုမိုကောင်းမွန်လာသည်။

ဟွာဝေးသည် HarmonyOS 2 စနစ်ကို ၎င်း၏ ထုတ်ကုန်သစ်များဖြစ်သော HUAWEI Mate 40 Series ၊ HUAWEI Mate X2 နှင့် HUAWEI MatePad Pro တို့အပါအဝင် စမတ်ဖုန်း၊ စမတ်နာရီနှင့် တက်ဘလက်များတွင် ထည့်သွင်း အသုံးပြုနေပြီဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေအားလုံးကို ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပါမယ်။ HarmonyOSဂေဟစနစ်ကို တည်ဆောက်ဖို့ မိတ်ဖက်တွေနဲ့ ပိုမိုလုပ်ဆောင်သွားပြီး ကမ္ဘာ့အနှံ့ကသုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ၊ ဝန်ဆောင်မှုတွေရအောင် လုပ်ဆောင်သွားပါမယ်” ဟု ဟွာဝေး၏ သုံးစွဲသူရေးရာ စီးပွားရေး လုပ်ငန်းစုမှ အမှုဆောင်အရာရှိ ရစ်ချက်ယုက ပြောကြားသည်။

ဟွာဝေးပစ္စည်းများကို အသုံးပြုသူများအနေဖြင့် ပြည်ပဈေးကွက်များတွင် ဂူးဂဲလ်၏ စနစ်ကို အသုံးမပြုနိုင်သောကြောင့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly