ဝူဟန်ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သည့် ဆေးမှတ်တမ်းများကို ထုတ်ပြန်ရန် အမေရိကန် ကူးစက်ရောဂါကု ပညာရှင် တောင်းဆို

ဝူဟန်ဓာတ်ခွဲခန်းနှင့် သက်ဆိုင်သည့် ဆေးမှတ်တမ်းများကို ထုတ်ပြန်ရန် အမေရိကန် ကူးစက်ရောဂါကု ပညာရှင် တောင်းဆို

ကိုဗစ်-၁၉ ရောဂါသည် ဓာတ်ခွဲခန်းစိမ့်ထွက်မှုမှ စတင်ခြင်း ဟုတ်၊မဟုတ် သိရှိစေရန် အရေးပါသည့် အထောက်အထားကို ရရှိစေနိုင်မည့် လူ ၉ ဦး၏ ဆေးမှတ်တမ်းကို ထုတ်ပြန်ပေးရန် အမေရိကန် ကူးစက်ရောဂါကု ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ အန်တိုနီဖော်စီက တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဇွန် ၄ ရက်တွင် ဖော်ပြလိုက်သည်။

“၂၀၁၉ ခုနှစ်က ဖျားနာခဲ့တယ်ဆိုတဲ့သူ ၃ ဦးရဲ့ ဆေးမှတ်တမ်းတွေကိုကြည့်ချင်ပါတယ်။ သူတို့တကယ်ပဲ ဖျားနာခဲ့ကြတာလား၊ တကယ်ဖြစ်တာဆိုရင် ဘာလို့ ဖျားတာလဲ” ဟု လူ ၉ ဦးအနက်၃ ဦးနှင့် ပတ်သက်၍ ဖော်စီက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပထမဆုံး စတင်ဖြစ်ပွားကြောင်း မထုတ်ပြန်မီ ၁ လအလို ၂၀၁၉ ခုနှစ်အတွင်းက ဝူဟန်မြို့ရှိ ဗိုင်းရပ်ဓာတ်ခွဲခန်းမှ သုတေသန ပညာရှင်များ ပြင်းထန်စွာ ဖျားနာခဲ့သည့် ဖြစ်စဉ်များကို အမေရိကန် ထောက်လှမ်းရေ အေဂျင်စီများက စုံစမ်းစစ်ဆေးနေကြသလို ဗိုင်းရပ်၏ မူလဇစ်မြစ်ကိုလည်း အပူတပြင်း ရှာဖွေနေကြသည်။

သို့သော် တရုတ်သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူများက အဆိုပါ ဗိုင်းရပ်သည် ဓာတ်ခွဲခန်းမှ စိမ့်ထွက်လာသည်ဆိုသော သုံးသပ်ချက်ကို တစ်စိုက်မတ်မတ် ကန့်ကွက်ထားပြီး ဝူဟန်သို့ ရောက်ရှိမလာခင်ကပင် အခြားဒေသများ၌ ဖြစ်ပွားနေကြောင်း၊ တရုတ်ပြည်သို့ တင်သွင်းလာသည့် အေးခဲအစားအစာများနှင့် သားရိုင်းတိရစ္ဆာန်တို့မှ တစ်ဆင့် ဝင်လာခြင်း ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

ဖျားနာခဲ့သူ ၉ ဦး၏ ဆေးမှတ်တမ်း ပေး၊မပေးကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝင်ဘင်းက တိုက်ရိုက်မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါသည် ဓာတ်ခွဲခန်းနှင့် ဆက်နွှယ်နေသည် ဆိုခြင်းကို အခိုင်အမာ ငြင်းဆိုခဲ့သည်။

ဇွန် ၄ ရက်က ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဝူဟန်ဗိုင်းရပ်ဗေဒဌာန၏ မတ် ၂၃ ရက် ထုတ်ပြန်ချက်ကို ကိုးကား၍ ဌာနရှိ ဝန်ထမ်းများနှင့် ဘွဲ့ရများ ဗိုင်းရပ်ကူးစက်ခံရမှု မရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဖော်စီအနေဖြင့် ဗိုင်းရပ်သည် တိရစ္ဆာန်များမှတစ်ဆင့် လူကို ကူးစက်ခဲ့သည်ဟု ယုံကြည်လက်ခံနေဆဲ ဖြစ်ပြီး ဓာတ်ခွဲခန်း သုတေသနပညာရှင်များအ‌နေဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသည်ဆိုပါကလည်း ၎င်းတို့သည် အများပြည်သူများထံမှ ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း Financial Times သတင်းဌာနက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required