ကနေဒါမှာ ကားနဲ့ တိုက်ပြီး အသတ်ခံရတဲ့ မွတ်စလင်မိသားစု အောက်မေ့ဖွယ်အခမ်းအနားကို လူထောင်နဲ့ချီ တက်ရောက်  

ကနေဒါမှာ ကားနဲ့ တိုက်ပြီး အသတ်ခံရတဲ့ မွတ်စလင်မိသားစု အောက်မေ့ဖွယ်အခမ်းအနားကို လူထောင်နဲ့ချီ တက်ရောက်  
Photo - AFP

ဇွန် ၁၀

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်မှာ ထရပ်ကားနဲ့ တိုက်ပြီး အသတ်ခံခဲ့ရတဲ့ မွတ်စလင်မိသားစုအတွက် ဗလီတစ်ခုရဲ့ အပြင်ဖက်မှာ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ရာဆီ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လန်ဒန်မြို့မှာ ပစ်ကပ်ထရပ်ကားတစ်စီးက ဝင်တိုက်တာကြောင့် ဇနီးမောင်နှံစုံတွဲရယ်၊ သူတို့ရဲ့ ဆယ်ကျော်သက်ရွယ် သမီးနဲ့ အဘွားဖြစ်သူတို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

အမုန်းတရား ဖိစီးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒို ရှုတ်ချပြောဆိုပြီး နိုင်ငံအနေနဲ့ ဒီလို အဖြစ်မျိုးကို ဆန့်ကျင်ကြဖို့လည်း အင်္ဂါနေ့က တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဒီ တိုက်ခိုက်မှုကြောင့် မိဘမဲ့ဖြစ်ပြီး ကျန်ရစ်တဲ့ အသက် ကိုးနှစ်အရွယ် သားငယ်ဖြစ်သူဟာ အပြင်းအထန် ဒဏ်ရာရပေမယ့် ဆေးရုံမှာ ပြန်လည်ကျန်းမာလာပြီလို့ သိရပါတယ်။ 

“အခု သတ်ဖြတ်မှုဟာ မတော်တဆ မဟုတ်ဘူး၊ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်တယ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းက တစ်ယောက်သောသူရဲ့ နှလုံးသားထဲက အမုန်းတရားကနေ လှုံ့ဆော်လာတာပဲ”လို့ လွှတ်တော်မှာ စိတ်ခံစားချက်အပြည့်နဲ့ မိန့်ခွန်းပြောရာမှာ ထရူဒိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဒီနောက်မှာတော့ ဗလီအပြင်က အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်လာသူ ထောင်ပေါင်းများစွာကိုလည်း ဝန်ကြီးချုပ်က မိန့်ခွန်းပြောပြီး နိုင်ငံတွင်းက မွတ်စလင်မိသားစုတွေကို တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ 

“ခင်ဗျားတို့ ထီးတည်းရှိတာ မဟုတ်ပါဘူး၊ ကနေဒါပြည်သူအားလုံး ခင်ဗျားတို့နဲ့အတူ ဝမ်းနည်းရပါတယ်။ ဒီညမှာ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်”လို့ နိုင်ငံရေးခေါင်းဆောင်တွေပါ တက်ရောက်တဲ့ အဲဒီ အခမ်းအနားမှာ ထရူဒိုက ပြောခဲ့ပါတယ်။ 

ကနေဒါအနေနဲ့ မကြာသေးတဲ့ နှစ်တွေအတွင်း ကမ္ဘာမှာ  အရှိန်မြင့်တက်လာတဲ့ ခွဲခြားဆက်ဆံမှုတွေရဲ့ ရိုက်ခတ်တာကို ကြုံရကြောင်း သူက ဆိုပါတယ်။ 

“အတူတူ ဒီ အမိုက်မှောင်ကို ကျွန်တော်တို့ တန်ပြန်နိုင်ကြမယ်၊ ဒီ အမြင်ဆိုးတွေကို တိုက်ဖျက်သွားနိုင်မယ်”လို့ ထရူဒိုက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly