အိန္ဒိယတွင် အိုင်တီစည်းမျဉ်းများကို တွစ်တာ မလိုက်နာပါက အကျိုးဆက်များ ရင်ဆိုင်ရနိုင်

အိန္ဒိယတွင် အိုင်တီစည်းမျဉ်းများကို တွစ်တာ မလိုက်နာပါက အကျိုးဆက်များ ရင်ဆိုင်ရနိုင်

အိုင်တီစည်းမျဉ်းသစ်များကို လိုက်နာရန် နောက်ဆုံးအခွင့်အရေးရှိသေးကြောင်းနှင့် သို့မဟုတ်ပါက ရည်ရွယ်မထားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း တွစ်တာကုမ္ပဏီအား အိန္ဒိယအစိုးရက ပြောကြားခဲ့ခြင်းကို ရိုက်တာမှ တွေ့မြင်ခဲ့သည့် တရားဝင်အကြောင်းကြားစာ မိတ္ထူတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင် ကြေညာခဲ့ပြီး မေလကုန်တွင် စတင်အသက်ဝင်ခဲ့သည့် စည်းမျဉ်းသစ်များတွင် လူမှုမီဒီယာတွင် ဖော်ပြသည့် အကြောင်းအရာများကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး၊ Facebook၊ WhatsApp messenger နှင့် Twitter ကဲ့သို့သော ကုမ္ပဏီများအား ဥပဒေကြောင်းအရ တောင်းဆိုမှုများကို ပိုမိုတာဝန်ခံစေရန် ရည်ရွယ်သည်။

ကြီးမားသော ဆိုရှယ်မီဒီယာကုမ္ပဏီများအနေဖြင့် နစ်နာချက်ဖြေရှင်းမှုယန္တယားများတည်ထောင်ရန် လိုအပ်သည့်အပြင် ဥပဒေစိုးမိုးရေးနှင့်အညီ ညှိနှိုင်းလုပ်ဆောင်မည့် အမှုဆောင်အရာရှိအသစ်များကို ခန့်အပ်ရန် လိုအပ်သည်။

အိန္ဒိယနည်းပညာဝန်ကြီးဌာနသည် စည်းမျဉ်းသစ်များနှင့် ပတ်သက်၍ မေလ ၂၆ ရက်နှင့်မေလ ၂၈ ရက်တို့တွင် တွစ်တာသို့ စာရေးခဲ့သော်လည်း ကုမ္ပဏီက “ ဝန်ကြီးဌာနမှ တောင်းခံသော ရှင်းလင်းချက်များကို မကိုင်တွယ်သလို စည်းမျဉ်းများနှင့်အညီ ပြည့်ဝစွာ လိုက်နာရန်ကိုလည်း မဖော်ပြခဲ့ကြောင်း” နည်းပညာဝန်ကြီးဌာနမှ တွစ်တာသို့ ဇွန်လ ၅ ရက်က ပေးပို့သော စာတွင် တွစ်တာ လက်ထောက်အထွေထွေအကြံပေး ဂျင်ဘေကာကို ပြောကြားခဲ့သည်။

ရိုက်တာမှ တွေ့ရှိခဲ့ရသည့် အကြောင်းကြားစာ မိတ္တူတွင် ယင်း၏စည်းကမ်းထိန်းသိမ်းရေးအရာရှိချုပ်၊ နစ်နာချက်ဖြေရှင်းရေးအရာရှိနှင့် အချက်အလက်ထိန်းသိမ်းရေးအရာရှိများခန့်အပ်ခြင်းကို တွစ်တာက ဝန်ကြီးဌာနအားအကြောင်းကြားခြင်းမရှိသေးသောကြောင့် ယင်းတို့သည့် စည်းမျဉ်းစည်းကမ်းများအရ ဝန် ထမ်းများ မဟုတ်ကြောင်းပြောကြားခဲ့သည်။

ယင်းကဲ့သို့ စည်းကမ်းလိုက်နာခြင်းမရှိခြင်းကြောင့် တွစ်တာတွင် တင်ထားသည့် အကြောင်းအရာများအတွက် တာဝန်ခံရမည့်အပြင် လက်ရှိ ကင်းလွတ်ခွင့်ရနေသည့် "မရည်ရွယ်သည့် နောက်ဆက်တွဲအကျိုးဆက်များ" ကို ပါ ခံစားရမည်ဟု ဖော်ပြထားသည်။

"သို့သော် ချစ်ကြည်ရင်းနှီးသော စေတနာကို ဖော်ပြသောအားဖြင့် တွစ်တာအနေဖြင့် ဥပဒေအား ချက်ချင်းလိုက်နာရန် နောက်ဆုံးအကြောင်းကြားစာ ပေးပို့လိုက်သည်” ဟု ဖော်ပြထားသည်။

အိုင်တီစည်းမျဉ်းအသစ်များသည် ဝှက်စာပို့ခြင်း (end-to-end encryption)ကို ဖျက်သိမ်းစေရန် ဖိအားပေးနိုင်ခြင်းကြောင့် Facebook ပိုင် WhatsAppက တရားစွဲဆိုမှုအပါအဝင် အစိုးရအနေဖြင့် ဥပဒေပြဌာန်းပြီး တရားဝင်လုပ်ပိုင်ခွင့်များကိုကျော်လွန်ပြီး လုပ်ဆောင်နေကြောင်း စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly