'ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်' အစီအစဉ်သည် ခွဲခြားဆက်ဆံမှုဖြစ်သောကြောင့် အိန္ဒိယ ကန့်ကွက်

'ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်' အစီအစဉ်သည် ခွဲခြားဆက်ဆံမှုဖြစ်သောကြောင့် အိန္ဒိယ ကန့်ကွက်

အိန္ဒိယကျန်းမာရေးဝန်ကြီး ဒေါက်တာဟာ့ရှ်ဗာဒန်က စက်မှုထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) နှင့် ဝန်ကြီးများအစည်းအဝေးတွင် ကိုဗစ် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံသည့် နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်သည့် စိတ်ကူးအပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှုကို ဇွန်လ ၄ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်း အစီအစဉ်ကို အိန္ဒိယက အပြင်းအထန်ဆန့်ကျင်ကြောင်း ဒေါက်တာဟာ့ရှ်ဗာဒန်က ပြောကြားခဲ့သလို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလွှမ်းခြုံမှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက နည်းပါးသေးသဖြင့် ယင်းစိတ်ကူးကို အကောင်ထည်ဖော်ရန် အချိန်မကျသေးကြောင်း ဆိုခဲ့သည်။

“ကူးစက်ရောဂါ၏ ယခုအဆင့်တွင် ကာကွယ်ဆေးနိုင်ငံကူးလက်မှတ်နှင့် ပတ်သက်သည့် စိတ်ကူးအပေါ် အိန္ဒိယ၏ စိုးရိမ်ပူပန်မှုကို ဆွေးနွေးလိုပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှု လွှမ်းခြုံမှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက နည်းပါးသေးကြောင်းနှင့် ထိရောက်ပြီး ဘေးကင်းသည့် ကာကွယ်ဆေးကို ညီတူညီမျှနှင့် အလွယ်တကူရရှိရေး၊ ထောက်ပံ့ရေးနှင့် ဖြန့်ချိရေးကဲ့သို့သော မကိုင်တွယ်နိုင်သေးသည့် ပြဿနာပေါင်းများစွာနေသေးသလို ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံသည့်နိုင်ငံကူးလက်မှတ်ကို အကောင်အထည်ဖော်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အမင်းခွဲခြားဆက်ဆံခြင်းနှင့် အားနည်းချက်များဖြစ်လိမ့်မည်ကို အိန္ဒိယက ပြောကြားလိုပါသည်” ဟု ဆိုခဲ့သည်။

“ကာကွယ်ဆေး၏ ထိရောက်မှုကို ထွက်ပေါ်လာမည့် သက်သေအထောက်အထားများကို ထည့်သွင်း စဉ်းစားသလို ယနေ့ကာလတွင် အလွယ်တကူရယူသုံးစွဲနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ WHO ၏ ပူးပေါင်းကွပ်ကဲမှုအောက်တွင် အလားတူပင် မှန်မှန်ကန်ကန် စဉ်းစားအကောင်အထည်ဖော်သင့်ကြောင်း အိန္ဒိယကအကြံပြုရပါလိမ့်မည်” ဟု ကျန်းမာရေးဝန်ကြီးက ဆိုသည်။

ဒေါက်တာဟာ့ရှ်ဗာဒန်က ယခုနှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျန်းမာရေးဝန်ကြီးများအစည်းအဝေးသို့ စကားပြောခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်းကို သူ၏ တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

“မည်သူ့ကိုမှ ချန်မထားခဲ့” ဟူသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်(SDG) အစီအစဉ်နဲံ ပတ်သက်လို့ ကျန်းမာရေးအနာဂတ်သို့ ကျွန်တော်တို့သည့် အတူတကွ လုပ်ဆောင်၊ ရွှေ့လျား၊ ကြီးထွားရမည်ဟု ဆိုခဲ့သည်။

ယခုနှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေး၏ ကျန်းမာရေးဝန်ကြီးများ တွေ့ဆုံပွဲတွင် အိန္ဒိယသည် ဧည့်နိုင်ငံအဖြစ်ဖိတ်ကြားခံရပြီး ကိုယ်စားပြုခွင့်ရသဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်ရေးကို တောင်းဆိုလိုက်ကြောင်းလည်း ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly