တရုတ်၌ လူမျိုးတုန်းသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲချက်များကို ယူကေရှိ ဝီဂါ ‘ပြည်သူ့ခုံရုံး’ က ကြားနာစစ်ဆေး

By ABC
08 June 2021
တရုတ်၌ လူမျိုးတုန်းသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဆိုသော စွပ်စွဲချက်များကို ယူကေရှိ ဝီဂါ ‘ပြည်သူ့ခုံရုံး’ က ကြားနာစစ်ဆေး

ဝီဂါများအပေါ် တရုတ်အာဏာပိုင်တို့ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားခဲ့သလား ဆိုသည့်အပေါ် စစ်ဆေးအကဲဖြတ်ရန် ဖွဲ့စည်းထူထောင်ထားခဲ့သည့် ‘ပြည်သူ့ခုံရုံး’ တစ်ခုကို လန်ဒန်မြို့၌ ဖွင့်လှစ်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံရှိ ထိန်းသိမ်းရေးကမ့်စခန်းများ၌ ထိန်းသိမ်းခံရသူများသည် အမြဲတမ်းဆိုသလို အရှက်ခွဲခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ စော်ကားခံရခြင်းတို့နှင့် ကြုံတွေ့ကြရသည် ဆိုပြီး အသိသက်သေများက စွပ်စွဲထားကြသည်။

လေးရက်တာ ကြားနာမှုများအတွင်း အသိသက်သေ သုံးဒါဇင်ကျော်တို့သည် တရုတ် အာဏာပိုင်တို့အပေါ် ‘ကြီးလေးသော’ စွပ်စွဲမှုများကို လုပ်ဆောင်ကြလိမ့်မည်ဟု ခုံရုံး ဥက္ကဋ္ဌ ဂျက်ဖရီ နိုက်စ်က ပြောခဲ့သည်။

ရှေ့နေများ၊ တက္ကသိုလ်ကျောင်းဆရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် ထိုခုံရုံးသည် ယူကေ အစိုးရ၏ ထောက်ခံမှုကို မရထားသလို တရုတ်အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် သို့မဟုတ် အပြစ်ပေးရန် လုပ်ပိုင်ခွင့်အာဏာများလည်း ရှိမနေပေ။

သို့သော် သက်သေအထောက်အထားများကို လူသိရှင်ကြား ခင်ကျင်းတင်ပြမည့် လုပ်ငန်းစဥ်က မွတ်ဆလင်လူမျိုးစုတစ်ခုဖြစ်သော ဝီဂါများအပေါ် ကျူးလွန်သည်ဆိုသည့် ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် နိုင်ငံတကာ အရေးယူဆောင်ရွက်ချက် ပေါ်ထွက်စေရန် လှုံ့ဆော်နိုင်လိမ့်မည်ဟု စီစဥ်သူများက မျှော်လင့်နေကြသည်။

ပြစ်မှုများကို ကျူးလွန်ထားကြောင်း‌ တွေ့ရှိပါက ဖိုရမ်အနေဖြင့် သက်သေအထောက်အထားဆိုင်ရာ အမြဲတမ်း အဖွဲ့တစ်ခုနှင့် မှတ်တမ်းတစ်ခုကို ထူထောင်ဖန်တီးမည်ဖြစ်ကြောင်း မစ္စတာ နိုက်စ်က ပြောသည်။ မစ္စတာ နိုက်သည် ဆာဘီးယားသမ္မတဟောင်း ဆလိုဗိုဒန် မီလိုဆီဗစ်အား တရားစွဲဆိုမှုကို ဦးဆောင်ခဲ့သည့် ဗြိတိန်၀တ်လုံတော်ရ ရှေ့နေတစဦးဖြစ်သလို နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) နှင့်လည်း အလုပ်လုပ်ခဲ့သူ ဖြစ်သည်။

ကမ္ဘာ့ဝီဂါကွန်ဂရက်နှင့် တစ်ဦးချင်း လှူဒါန်းမှုများဖြင့် ငွေကြေးပံ့ပိုးထားသည့် ထိုစုံစမ်းစစ်ဆေးမှုသည် ယခင် ‘ပြည်သူ့ခုံရုံး’ များအပေါ် စံနမူနာထားကာ လုပ်ဆောင်ထားသည်။ ယင်းသည် ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန်၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန် ဒဿနပညာရှင်များဖြစ်သည့် ဘာထရန် ရက်ဆဲလ်နှင့် ယန်းပေါ ဆာ့တ် တို့ ၁၉၆၀ ပြည့်နှစ်က ဖွဲ့စည်းခဲ့သည့် ခုံရုံးတစ််ခုကိုလည်း စံနမူနာယူထားကြောင်း သိရသည်။

ယခု လန်ဒန်ခုံရုံးသည် ဝီဂါများ၊ အခြား မွတ်ဆလင်လူနည်းစုများ၊ တူရကီစကားပြော လူနည်းစုများအပေါ် ကျူးလွန်ထားခဲ့သည်ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တရုတ်ကို တာ၀န်ခံခိုင်းရန်အတွက် နောက်ဆုံးပေါ်ပေါက်လာသော ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့်နှစ်များအတွင်း ဝီဂါအများစုအပါအ၀င် ခန့်မှန်းခြေ လူပေါင်း ၁ သန်းခန့်သည် ပြန်လည်ပညာပေးရေးကမ့်စခန်းများတွင် အကျဥ်းချခံထားခဲ့ရကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။

တရုတ် အာဏာပိုင်များသည် အတင်းအကျပ်လုပ်သားခိုင်းစေခြင်း၊ ကလေးမွေးဖွားမှုကို စနစ်တကျဖြင့် အတင်းအကျပ် ထိန်းချုပ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးများကို အကျဥ်းကျနေသည့် မိဘများနှင့် သီးခြားခွဲထားခြင်း တို့ကို ကျူးလွန်ထားခဲ့ကြောင်း စွပ်စွဲခံထားခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly