အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းဖမ်းဆီးမှု စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း သုံးဦး သေဆုံး 

အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းဖမ်းဆီးမှု စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း သုံးဦး သေဆုံး 
Photo - AFP

ဇွန် ၁၀

အနောက်ဖက်ကမ်းမှာ အစ္စရေးအထူးတပ်ဖွဲ့ဝင်တွေရဲ့ လူဖမ်းဆီးရေးမစ်ရှင်အတွင်း ကြာသပတေးနေ့ အစောပိုင်းမှာ ပါလက်စတိုင်း သုံးဦး သတ်ဖြတ်ခံရတယ်လို့ အစ္စရေးရော ပါလက်စတိုင်းဖက်က သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

အခု သေဆုံးသူတွေထဲက တစ်ဦးဟာ အစ္စရေးစစ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်တဲ့ သံသယရှိသူဖြစ်တယ်လို့ အစ္စရေးလုံခြုံရေးတာဝန်ရှိသူတစ်ဦး ပြောပါတယ်။ 

ကျန်တဲ့ နှစ်ဦးကတော့ ပစ်ခတ်တိုက်ခိုက်မှု မျက်မြင်တွေဖြစ်ကြတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်ပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်တဲ့ အကြမ်းဖက်နှစ်ဦးကို ဖမ်းဆီးဖို့ အထူးတပ်ဖွဲ့ဟာ ဂျင်နင်းအရပ်မှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာလို့ အစ္စရေးလုံခြုံရေးတာဝန်ရှိသူတစ်ဦးကလည်း အေအက်ဖ်ပီကို ပြောပါတယ်။ 

“အစ္စရေးတပ်တွေကို ပစ်ခတ်ခဲ့တဲ့ ပါလက်စတိုင်းတစ်ဦးကိုတော့ ပစ်သတ်ခဲ့တာပါ”လို့ သူက ပြောပါတယ်။ 

အဲဒီ သေဆုံးသူဟာ ဂျာမယ်အယ်လ်အမ်မူရီဆိုသူဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ 

ရှာဖွေဖမ်းဆီးမှုမှာ အခင်းဖြစ်ရာက‌ ပါလက်စတိုင်းတွေဟာ အစ္စရေးတပ်တွေကို ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး နောက်ထပ် ပါလက်စတိုင်းနှစ်ဦး သေဆုံးတာဖြစ်တယ်လို့ အစ္စရေးတာဝန်ရှိသူအရ သိရပါတယ်။ 

နောက်ထပ် သေဆုံးသူ နှစ်ဦးဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပါလက်စတိုင်း လုံခြုံရေးတာဝန်ရှိသူတွေက ဆိုပါတယ်။ 

ပစ်ခတ်မှုမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘူးလို့ တာဝန်ရှိသူက အေအက်ဖ်ပီကို ပြောပါတယ်။ 

အမ်မူရီဆိုသူဟာ မကြာသေးတဲ့ လတွေအတွင်း အစ္စရေးစစ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ဝင်ဖြစ်တယ်လို့ ဒုတိယမြောက်အစ္စရေးလုံခြုံရေးတာဝန်ရှိသူက အေအက်ဖ်ပီကို ပြောပါတယ်။ 

အခု စီးနင်းဖမ်းဆီးမှု စစ်ဆင်ရေးကို ပါလက်စတိုင်းဖက်က ရှုတ်ချပြီး ပြောခွင့်ရသူ နာဘီအဘူက “ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အန္တရာယ်ရှိတဲ့ တင်းမာမှုတွေ အရှိန်မြင့်လာနိုင်တယ်” လို့ ပြောခဲ့ကြောင်း အစိုးရပိုင် ဝါဖာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ မကြာခဏ စီးနင်းဖမ်းဆီးမှုတွေ ဆင်နွှဲလေ့ရှိပါတယ်။ မေ ၂၅ ရက်က ရာမာလက်ရှ်မြို့နားက စီးနင်းမှုတစ်ရပ်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly