အစိုးရအပြောင်းအလဲ အောင်မြင်ချောမွေ့စေရန် သမ္မတက ညွှန်ကြားထားပြီးဖြစ်သည်

အစိုးရအပြောင်းအလဲ အောင်မြင်ချောမွေ့စေရန် သမ္မတက ညွှန်ကြားထားပြီးဖြစ်သည်

ဒီဇင်ဘာ ၅ ရက် ။            ။ အစိုးရအပြောင်းအလဲဖြစ်စဉ် အောင်မြင်ချောမွေ့စေရန် လိုအပ်သည့် ညွှန်ကြားချက်များ ပေးထားပြီး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်နေသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။

အစိုးရအဖွဲ့အစည်းအားလုံးနှင့် ဝန်ထမ်းအားလုံးကို ညွှန်ကြားချက်များ ပေးထားခြင်းဖြစ်ပြီး ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဟု သမ္မတက နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမပတ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်သည့် ဒီဇင်ဘာ ၅ ရက် သဝဏ်လွှာအတွင်း ထည့်သွင်းပြောကြားသည်။

"ဒီဇင်ဘာ ၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ ယခုကဲ့သို့ အချိန်ကာလမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှုရှိရန် အထူးအရေးကြီးသည့်အတွက် နိုင်ငံရေးအင်အားစု များ အားလုံးအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။" ဟုလည်း ဆိုသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၅ နှစ်တာအတွင်း အရေးကြီးသည့် နိုင်ငံရေးဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်စဉ်များ အရှိန်မြင့်တက်လာသည်နှင့် အမျှ ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးရေချိန် မြင့်မားလာခဲ့သည်ဟု သမ္မတက သုံးသပ်ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များ၏ ရလဒ်အနေဖြင့် ကျယ်ပြန့်သည့် နိုင်ငံရေး ဖြစ်စဉ်အတွင်း နိုင်ငံရေး အင်အားစု အားလုံး ပါဝင်လာပြီး လွတ်လပ်မှု အရှိဆုံး ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။

"ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းနေရသည့် အနေအထားအရ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆက်လက်အောင်မြင်ရန်နှင့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ကိစ္စရပ်များသည်လည်း အစိုးရတိုင်းက အလေးထား စဉ်းစားရမည့် ကိစ္စရပ်များ ဖြစ်ပါသည်။" ဟု သမ္မတကြီးက ဆိုသည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် တာဝန်လွှဲပြောင်းရေးဖြစ်စဉ်အတွက် စိုးရိမ်ပူပန်မှုများရှိသည်ကိုလည်း  ၎င်းအနေဖြင့် ကြားသိရပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လျှောက်လှမ်းနေဆဲနိုင်ငံများတွင် ယခုကဲ့သို့စိုးရိမ်ပူပန်မှုများ ပေါ်ပေါက် တတ်ခြင်းသည် သဘာဝကျသည့်ကိစ္စဖြစ်သည်ဟု သမ္မတကြီးက ယူဆသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုသည်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်အပြိုင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူ ရေးဆွဲထားသော NCA တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့များအနေဖြင့် ပဋိပက္ခဒေသများရှိ ပြည်သူများ၏ဘဝများကို စဉ်းစားပြီး အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးကြရန် သမ္မတကြီးက သူ၏ သဝဏ်လွှာအတွင်း တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly