စစ်ခေါင်းဆောင်တွေ ဆွဲခေါ်နေတဲ့ အမှောင်ခေတ်

စစ်ခေါင်းဆောင်တွေ ဆွဲခေါ်နေတဲ့ အမှောင်ခေတ်

ဇွန် ၉

စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီး လေးလကျော်အတွင်းမှာပင် ပြည်သူလူထုဟာ အထွေထွေကျပ် တည်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထွေထွကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးတွေဟာ နှစ်ဆကျော်ခုန် တက် လာပါတယ်။စက်ရုံအလုပ်ရုံတွေ၊ကုမ္ပဏီလုပ်ငန်းတွေ ပိတ်သိမ်းရပ်နားတာတွေကြောင့် အလုပ်လက်မဲ့နှုန်း မြှင့်တက်လာနေတာဖြစ်ပါတယ်။

 စစ်ခေါင်းဆောင်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဖွဲ့စည်းကာ နိုင်ငံ့စီးပွားရေး စီမံခန့်ခွဲတဲ့ နေရာမှာ ကျွမ်းကျင်သူတွေအဖြစ် ပုံဖော်ခဲ့ကြပါတယ်။နိုင်ငံရဲ့ စီးပွားရေးကို မူလအတိုင်းရှိနေဖို့ အားထုတ်ခဲ့ ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေဝင်မလာတော့သလို ရှီပြီးသားရင်းနှီးမြှုပ်နှံမှုတွေ ဟာလည်း ပြန်လည် ထွက်ခွာသွားတဲ့အတွက် စီးပွားရေးဟာထိုးကျသွားခဲ့ပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကြောက်မက်ဖွယ်ရာ ဆိုးရွားတဲ့  အန္တရာယ် အတွင်း ရှိနေတယ်လို့ ဖော်ပြခဲ့ပြီး စစ်အာဏာသိမ်းတာရဲ့ သက်ရောက်မှုတွေကြောင့် အခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အာဏာသိမ်းပြီး လေးလကျော်အကြာမှာ ရင်းနှီးမြှုပ်နှံမှုအသစ်မရှိတာ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားအပြင် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့တာတွေကြောင့်  နိုင်ငံတကာ ကျောထောက် နောက်ခံပြုထားတဲ့ အခြေခံအဆောက်အအုံဆိုင် စီမံကိန်းတွေလည်း ရပ်ဆိုင်းကုန်ပါတယ်။

ပြီးခဲ့တဲ့ ၁၀နှစ်လောက်က နိုင်ငံရေးပြောင်းလဲမှုနဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလည်းမှုတွေကြောင့် တိုးတက်မှု တွေရှိခဲ့ပါတယ်။အခုတော့ အာဏာသိမ်းတာရဲ့ အကျိုးဆက် ဆန့်ကျင်ဘက် ရလဒ်တွေသာ ရနေတာဖြစ်ပါတယ်။ အဲဒီရလဒ်တွေက မြန်မာနိုင်ငံကို ဆင်းရဲတွင်း အမှောင်ထုထဲကို ဆွဲခေါ်သွားတာဖြစ်ပါတယ်။

ဒါတွေဟာစစ်တပ်ကအာဏာသိမ်းတာကြောင့် လတ်တလောဖြစ်လာတဲ့ အကျိုးဆက်ပဲရှိပါသေးတယ်။ စစ်ကောင်စီရဲ့  ကိုယ်ကျိုးစီးပွားရှေ့ရှုတဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ပြည်သူတွေခံစားရအုံးမှာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှုအကျပ်အတည်ကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နှောင့်နှေးရပ်ဆိုင်းနေပါတယ်။

ဘဏ်ဝန်ထမ်းတွေ CDMလုပ်လို့ ဘဏ်ခွဲတွေပိတ်ထားတာအပါအဝင် နိုင်ငံ့ဝန်ထမ်း CDM ပြုလုပ်သူတွေကို အလှူရှင်ပြည်သူလူထုက ထောက်ပံ့တဲ့ လမ်းကြောင်း ဖြတ်တောက်ချင်တာကြောင့် လူတစ်ဦးချင်းနဲ့ ကုမ္ပဏီတွေအတွက် ငွေထုတ်ပေးတာတွေကိုပါ ကန့်သတ်အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဒီကန့်သတ်အမိန့် သက်ရောက်မှုကြောင့် ငွေကြေးပြတ်လပ်မှုတွေဖြစ်ပေါ်လာတာပါ။ကိုယ်ပိုင်ငွေကြေးကိုတောင် ရာခိုင်နှုန်းပေးပြီးထုတ်နေရတဲ့အခြေအနေဖြစ်နေပါတယ်။အရင်အစိုးရလက်ထက်တုန်းက နိုင်ငံခြားမှငွေလွဲ ပြောင်းခြင်း စိစစ်တဲ့လုပ်ငန်းစဉ်ဟာ တစ်ပတ်သာကြာမြင့်ပါတယ်။အခုတော့ စစ်ကောင်စီ ဘယ်လိုလုပ်ငန်းစဉ်နဲ့ လုပ်ဆောင်နေတယ်ဆိုတာ အတိအကျမရှိပါဘူး။စစ်ကောင်စီရဲ့ စိုးရိမ်စိတ် သင်္ကာမကင်းဖြစ်မှုပေါ်မှာ မူတည်ပြီး ကြာမြင်နေနိုင်ပါတယ်။ဒီလိုအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုမလာတာတွေ ထွက်သွားတာတွေကြောင့် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေးငွေနည်းလာနိုင်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၀)ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချနိုင်ဖို့အတွက် ပိတ်ထားတဲ့ နိုင်ငံပိုင်အထည်ချုပ်စက်ရုံတွေနဲ့ ဝါကြိတ်စက်ရုံတွေကို ပြန်လည်ပတ်ပြီ အဝတ်အထည်တွေ ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါအပြင် ပြည်တွင်းမှာ ဆေးဝါးတွေကို လုံလောက်အောင်ထုတ်ပြီး နိုင်ငံခြားကနေဆေးဝါးတင်သွင်းတာတွေ လျော့ချကာ နိုင်ငံခြားငွေ သုံးစွဲတာကို လျော့ကျအောင်လုပ်ဖို့ ဝန်ကြီးဌာနတွေကို တိုက်တွန်းထားပါတယ်။ 

နောက်တခါ စစ်ကောင်စီဟာ နိုင်ငံခြားငွေရဖို့အတွက် လျှပ်စစ်မဂ္ဂဝပ် ၂၀ ကနေ ၄၀ ထိထုတ်လုပ်နိုင်မယ့် ဆိုလာပါဝါစီမံကိန်း ၁၂ခုကို မေလ၂၄ရက်က တင်ဒါခေါ်ခဲ့ပါတယ်။ တင်ဒါအောင်မြင်သူဟာ  နှစ် ၂၀ သက်တမ်း လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပြီး  စီမံကိန်းတခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ ၃၀ ကျော်အထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ဒါ ကတော့ နိုင်ငံခြားဝင်ငွေရအောင် စစ်ကောင်စီကကြိုပမ်းနေတာပါ။

 ဒါ အပြင်အာဏာသိမ်းစစ်တပ်ဟာ မေလ အတွင်း ကလည်း သစ်ထုတ်လုပ်ခွင့်တွေကို ချပေးခဲ့ပြီး  လာမယ့် ဇွန်ဒုတိယပတ်လာက်မှာ သစ်တန်ချိန် တစ်သောင်းခွဲနီးပါး လေလံတင်ရောင်းချမှာလည်းဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတစ်ခုက ဒီလိုရောင်းချတာဟာ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုကို ဆက်လက် နှိပ်ကွပ် ဖို့အတွက် နိုင်ငံခြားငွေကို မြန်မြန်ဆန်ဆန်ရှာဖွေနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှု တွေလည်းရှိနေ ပါတယ်။

 ဇွန်လ ၄ ရက် စပြီး နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရေး၊ ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းတွေ ကာကွယ် ရေးကို အကြောင်းပြကာ ဆပ်ပြာ ဆပ်ပြာမှုန့် သွားတိုက်ဆေး သွင်းကုန်တွေကို ပိတ်ပင်လိုက်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီမတိုင်ခင် မေ ၁ရက်က လည်း ထိုင်းနိုင်ငံကနေတင်သွင်းနေတဲ့ ကော်ဖမစ် အချိုရည်မျိုးစုံ နိုဆီအပါအဝင် စားသောက်ကုန်တင်သွင်းခွင့်ကို ရပ်ဆိုင်းပြီး ပင်လယ်ရေကြောင်းကသာတင်သွင်းခွင်ပြုမယ်ဆိုပြီး အမိန့်ထုတ်ခဲ့ပါတယ်။ 

ဒီလိုစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေ အမိန့်ညွှန်ကြားချက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေမရှိတော့လို့ နိုင်ငံခြားငွေသုံးစွဲတာကို လျော့ချတဲ့ မူဝါဒတွေလို့ ထင်စရာရှိနေပေမယ့် တဖက်မှာလည်း စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်း အစုအဖွဲ့ ကိုယ်ကျိုးကို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

စစ်တပ်ထုတ်ကုန် ဆပ်ပြာတွေဟာ အဆင့်မီမှီလို့ ဈေးကွက်ဝယ်လိုအားမရ ပိတ်ပင်ကုန်ပစ္စည်းတွေဟာ မှောင်ခိုဈေးကွက်ဖြစ်လာအုန်းမှာပါ။ဒီလိုမှောင်ခိုဈေးကွက်ဖြစ်လာစေသလို စစ်တပ်ကုမ္ပဏီက ထုတ်ကုန်တွေနဲ့ စစ်တပ်နဲ့ရင်းနှီးတဲ့သူတွေရဲ့ ထုတ်ကုန်တွေဟာ ဈေးကွက်မှာ ချယ်လှယ်ခွင့် ရရှိသွားမှာဖြစ်ပါတယ်။

မှောင်ခိုဈေးကွက်က ကုန်ပစ္စည်းတွေဟာလည်း ဈေးနှစ်ဆသုံးဆကြီးမြင့်လို့ အခြေခံလူတန်းစားမသုံးနိုင်ရင် စစ်တပ်ထုတ်ကုန်သာ ရွေးချယ်ရတော့မယ့်အနေအထားမျိုးကို တွန်းပို့နေတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ကော်ဖီမစ် အရက်ဘီယာ သွားတိုက်ဆေးကစ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စစ်တပ်က ကျောထောက် နောက်ခံပေးထားတဲ့ မြန်မာ့စီးပွာရေးကော်ပိုရေး( MEC) နဲ့  မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ (UMEHL) တို့ရဲ့ ထုတ်ကုန်တွေကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်သူလူထုက မသုံးစွဲဘဲ သပိတ်မှောက်နေတာပါ။ဒီအခြေအနေကနေ ကျော်လွှားနိုင်အောင် နိုင်ငံခြားပစ္စည်းတင်သွင်းတာတွေကို ပိတ်တာလို့လည်း လုပ်ငန်းရှင်တွေက ဝေဖန်မှုတွေရှိပါတယ်။

ဘယ်လိုပဲဆိုဆို အာဏာသိမ်းပြီး လေးလကျော်အတွင်းမှာ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အကျိုးစီးပွား ပြည်သူအကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားတာမလုပ်ဘဲ မိမိအကျိုးစီးပွား စစ်တပ်နဲ့ရင်းနှီးသူ တွေရဲ့ အကျိုးစီးပွားကိုသာ ရှေ့ရှုပြီး အမိန့်တွေကို ထုတ်ပြန်နေတာပါ။
ဒီလိုကိုယ်ကျိုးစီးပွားရှေ့တန်းတင် အမိန့်တွေကပဲ ပြည်သူကို ၂၀၁၀ အရှေ့ပိုင်းကလို ရွေးချယ်စရာမရှိ သူတို့စိတ်တိုင်းကျချယ်လှယ်ခွင့်ရတဲ့ ခွဲတမ်းနဲ့ပေးတဲ့ စားအုန်းဆီကိုတောင် တိုးစားရတဲ့  စနစ်မျိုးဆီကို ဆွဲခေါ်နေတာဖြစ်ပါတယ်။

ကြက်သားဟင်းဆိုတာ တတ်နိုင်သူတွေသာ စားရတဲ့ဟင်းဖြစ်သလို သူများအိမ်နီးနာခြင်း နိုင်ငံတွေမှာ 3G မိုလ်ဘိုင်းဖုန်းကို သုံးနေချိန်မှာ ဒီမှာရိုးရိုးဆယ်လူလာဖုန်းကို သိန်း ၂၀ကျော်ပေါက်ဈေးပေးသုံးနေရတဲ့ ခေတ်တွေ တခြားနိုင်ငံတွေမှာ အင်တာနက်ကို ဈေးပေါပေါသုံးနေချိန် မြန်မာနိုင်ငံမှာ ဈေးကြီးတဲ့အင်တာနက်ကို gmail ဖွင့်ဖို့ VPN တွေကျော်ခွပြီး ပွင့်အောင်စောင့်နေရတဲ့ အမှောင်ခေတ်ကိုဘယ်သူမှ ပြန်ရောက်ချင်တော့ပါဘူး။ ဒီလိုစစ်ခေါင်းဆောင်တွေ ဆွဲခေါ်နေတဲ့ အမှောင်ခေတ်ကို ပြန်မရောက်ချင်ရင်တော့ သရေကြိုးတင်းအောင်ကိုင် ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly