ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် လုံခြုံရေးကောင်စီက ထောက်ခံ

ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် လုံခြုံရေးကောင်စီက ထောက်ခံ
Photo - AFP

ဇွန် ၉

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဒုတိယသက်တမ်းတစ်ခု ဆက်လက်ထမ်းဆောင်ရန်အတွက် လုံခြုံရေးကောင်စီက ဇွန်လ ၈ ရက်တွင် အတည်ပြုထောက်ခံလိုက်သည်။

အသက် ၇၂ နှစ်ရှိ ပေါ်တူဂီ၀န်ကြီးချုပ်ဟောင်းသည် ထိုရာထူးကို ၂၀၁၇ ခုနှစ်ကတည်းက ရယူထားခဲ့ပြီး ယခု နောက်ထပ်သက်တမ်းအတွက်လည်း ယှဉ်ပြိုင်ဘက်များနှင့် မကြုံခဲ့ရပေ။

အခြား လူပုဂ္ဂိုလ် ၁၀ ဦးခန့်သည် အဆိုပါ ရာထူးအတွက် ကြိုးပမ်းခဲ့သေးသော်လည်း ကုလ အဖွဲ့၀င်နိုင်ငံ ၁၉၃ ခုစလုံးက ၎င်းတို့ကို ထောက်ခံခဲ့ခြင်း မရှိသည့်အတွက် ၎င်းတို့သည် တရား၀င် ကိုယ်စားလှယ်လောင်းများ မဖြစ်ခဲ့ပေ။

ကုလအထွေထွေညီလာခံက ဂူတာရက်စ်ကို နောက်ထပ်သက်တမ်း ထမ်းခွင့်ပေးရေးအတွက် လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတစ်ခုတွင် တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ကြောင်း ကောင်စီ၏ လက်ရှိဥက္ကဋ္ဌ အက်စ်တိုးနီးယား သံအမတ် အက်စ်ဗန် ဂျာဂင်ဆန်က ပြောသည်။

အထွေထွေညီလာခံ၏ အတည်ပြုမှုသည် တရား၀င် လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ရှုမြင်နိုင်ပြီး ယင်းကဲ့သို့ အတည်ပြုမှုကို မကြာမီ လုပ်ဆောင်ဖွယ် ရှိနေသည်။

ပထမသက်တမ်းအတွင်း ဂူတာရက်စ်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ တစ်ဖက်သတ်ဆန်ပြီး အမျိုးသားရေး၀ါဒ အခြေခံကာ မဟာမိတ်များကို သတိထားဆက်ဆံသော နိုင်ငံခြားရေးမူ၀ါဒမှ ဖြစ်နိုင်ခြေရှိ ထိခိုက်မှုများကို ဟန့်တားကန့်သတ်ရေးအပိုင်းတွင် အာရုံစိုက်ခဲ့ရသည်။

ယခုအခါ ဂူတာရက်စ်အနေဖြင့် ၎င်း၏ သက်တမ်းသစ်အတွင်း ကမ္ဘာတ၀န်း ဖြစ်ပေါ်နေသော အကျပ်အတည်း ကိစ္စရပ်အားလုံးအတွက် ပိုမိုကောင်းမွန်သော အစီအစဉ်တစ်ခု ရှိရန် လိုအပ်ကြောင်း သံတမန်တစ်ဦးက ပြောသည်။

၎င်းအနေဖြင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း အဓိကကျသည့် သံတမန်ရေး အောင်ပွဲ အနည်းငယ်သာ ရရှိထားစေခဲ့ပြီး ဆီးရီးယား၊ ယီမင်နှင့် မာလီ နိုင်ငံတို့ရှိ စစ်ပွဲများ သို့မဟုတ် ပဋိပက္ခများသည် ပြေလည်စေမည့် အခြေအနေသို့ နီးကပ်ထားခြင်း မရှိသေးပေ။

“ဂူတာရက်စ်ရဲ့ ပထမသက်တမ်းကိုတော့ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စပ်လျင်းပြီး လူသိရှင်ကြား နှုတ်ဆိတ်နေခဲ့တာနဲ့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်” ဟု လူ့အခွင့်အရေးအဖွဲ့ Human Rights Watch ၏ အမှုဆောင်ဒါရိုက်တာ ကန်နက်သ် ရို့သ်က ပြောသည်။

“ဒါကြောင့် ဂူတာရက်စ်အနေနဲ့ သူ့ရဲ့ သက်တမ်းသစ်မှာတော့ လူ့အခွင့်အရေးအပေါ် ထောက်ခံကာကွယ်ပြီး အခိုင်အမာ ပြောဆိုသူတစ်ဦး ဖြစ်လာအောင် လုပ်သင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“သူ့အနေနဲ့ မကြာသေးခင်က မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချလိုစိတ်ကို ပြသထားခဲ့ပါတယ်၊ အဲဒီလိုပဲ သူ့အနေနဲ့ ပြစ်တင်ရှုတ်ချခံရသင့်တဲ့ အခြားအစိုးရတွေအားလုံးကိုလည်း ဒီအတိုင်း လုပ်ဆောင်သွားသင့်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required