စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့်ကိစ္စ လူမင်း လုံးဝလက်မခံ

08 June 2021
စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့်ကိစ္စ လူမင်း လုံးဝလက်မခံ

အကြမ်းဖက်စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို ဒါရိုက်တာလူမင်းက လုံးဝလက်မခံဘူးလို့ အင်းစိန်ထောင်ထဲမှာ လူမင်းနဲ့အတူအခန်း ဘေးချင်းကပ်ရပ်နေခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီ ခီတဇုမီ က ပြောပါတယ်။ 
စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီး ဦးကိုကိုနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဆက်ရိုက်မယ့်သူတွေ၊ သမိုင်းပညာရှင်တွေ ရန်ကုန်က အမျိုးသားပြတိုက်မှာ မေလ ၁၆ ရက်က အစည်းအဝေးလုပ်ခဲ့ကြပြီး သာ/ယဉ် ဒု ဝန်ကြီး ဦးထွန်းအုံနဲ့ အရင်က သရုပ်ဆောင်ပိုင်း ဒါရိုက်တာသာဖြစ်ခဲ့တဲ့ ပန်းချီစိုးမိုးတို့ ပူးပေါင်းပြီး ဒါရိုက်တာ တာဝန်ယူထားသူ လူမင်းမပါဘဲ ရုပ်ရှင်ဆက်ရိုက်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။
“ကိုလူမင်းက ကျွန်တော့ကို ပြောခဲ့တယ်၊ စစ်ကောင်စီက မတရားလုပ်တာကို လုံးဝမခံနိုင်ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ပြောပြခဲ့ပါတယ်၊ သူတို့ဆက်ရိုက်ရင် သူတို့လိုသလို တည်းဖြတ်မှာတွေ လုပ်မှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောတယ်” လို့ ယူကီ ခီတဇုမီက ပြောပါတယ်။
အဲ့ဒီအောင်ဆန်း ရုပ်ရှင်မှာ ယူကီကိုယ်တိုင်လည်း ဂျပန်စစ်ဗိုလ်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်ရှင်ဖြစ်သွားမှာကို ဒါရိုက်တာ လူမင်းက အပြင်းအထန် ကန့်ကွက်သလို သူကိုယ်တိုင်ကလည်း မလိုလားကြောင်း ပြောပါတယ်။ ဒါရိုက်တာ လူမင်းက စစ်အာဏာသိမ်းတာကို ကန့်ကွက်လို့ အင်းစိန်ထောင်အတွင်းမှာ အကျဉ်းကျ ခံနေရတာပါ။ 
“ကျွန်တော်တို့ နှစ်ယောက်က အဆောင်အတူတူနေခဲ့ရတယ်၊ တစ်ယောက်တစ်ခန်းပေါ့နော်၊ ထောင်ထဲ စရောက်ခါစတုန်းက အပြင်ကို လမ်းထွက်လျှောက်ခွင့်ရခဲ့တယ်၊ အဲ့မှာ ထောင်အကျဉ်ခန်းထဲ ကနေ ကိုလူမင်းက စကားလှမ်းပြောတယ်။ မျက်နှာတော့ မမြင်ရဘူး၊ မျက်လုံးလောက်ကျယ်တဲ့ အပေါက်ကလေးက လှမ်းပြောတာပါ။”လို့ သူက ဆိုပါတယ်။
ယူကီ ခီတဇုမီ ဟာဧပြီလ ၁၈ ရက်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး မေလ ၁၄ ရက်မနက်မှာ အင်းစိန်ထောင်ကနေပြန်လွတ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပြန်ပို့ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒါရိုက်တာ လူမင်းပြောချင်တာတွေကို အပြင်မှာ ပြန်ပြောပေးနိုင်တာ သူတစ်ယောက်တည်း ရှိပြီး စစ်ကောင်စီက အပြီးသက်လုပ်တဲ့ ဒီရုပ်ရှင် ထွက်လာရင် လုံးဝအောင်မြင်မှာ မဟုတ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီရုပ်ရှင်ကို မကြည့်ကြဘဲ စစ်ကောင်စီကို ပိုပြီးဆန့်ကျင်ကြဖို့ ယူကီက တောင်းဆိုပါတယ်။
“ဒီရုပ်ရှင်က ဒါရိုက်တာလူမင်းအပါအဝင် ပြည်သူတွေ စိတ်ဝင်စားတဲ့ ကားဖြစ်ပါတယ်၊ ဒီရုပ်ရှင်ကို ဒီမိုကရေစီပြန်ရပြီး နိုင်ငံရေးအကျဉ်သားတွေ ပြန်ထွက်လာမှ စိတ်ကြိုက်ပြင်ဆင်ပြီး ကြည့်ကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။
နေအိမ်အကျယ်ချုပ်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ခါနီးမှာ မြန်မာ့ရုပ်ရှင်နယ်ပယ်ကလူတွေနဲ့ တွေ့ဆုံတာကနေ ဗိုလ်ချုပ်ရာဇဝင်ကားရိုက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ 
အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီး ဇာဂနာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းနဲ့ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။ 
အာဏာသိမ်းမခံရခင် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်မှာတော့ အောင်ဆန်းရုပ်ရှင်ဟာ ၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီလို့ဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required