အကျယ်ချုပ်ဘဝနဲ့တောင် စစ်အုပ်စုကို အာခံဆဲ လူထုခေါင်းဆောင်

အကျယ်ချုပ်ဘဝနဲ့တောင် စစ်အုပ်စုကို အာခံဆဲ လူထုခေါင်းဆောင်
Photo - AFP

ဇွန် ၈

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ အခုဆိုရင် လေးလကျော် ကာလထိ ရှိပါပြီ။ နေပြည်တော်မှာ အကျယ်ချုပ်အဖြစ် ထိန်းသိမ်းထားပြီး နေပြည်တော်မှာ ပုဒ်မ ငါးခု၊ ရန်ကုန်မှာ ပုဒ်မ တစ်ခုနဲ့ တရားစွဲဆိုထားပြန်ပါတယ်။

စစ်အုပ်စု အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်းတရားစွဲဆိုထားရာကနေ နေပြည်တော်ကောင်စီဝင်းထဲမှာ အထူးတရားရုံးဖွင့်ပြီး မေလ ၂၄ ရက်မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သလို သူမရဲ့ ရှေ့နေတွေနဲ့လည်း တွေခွင့်ရခဲ့ပါတယ်။

အဲဒီနေ့ ရုံးထုတ်စဉ်ကလည်း စောင့်ကြည့်ရေးကင်မရာ CTV တပ်ဆင်ထားတဲ့ အခန်းမှာ ရှေ့နေအဖွဲ့နဲ့ မိနစ် ၃၀ လောက် သီးသန့်တွေ့ခွင့်ရခဲ့ပေမယ့် ပြည်သူတွေ ကျန်းမာဖို့ ဆုတောင်းကြောင်းနဲ့ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူတွေရှိသမျှ ဆက်ပြီး တည်ရှိနေမှာ ဖြစ်တယ်" လို့ သတင်းစကား ပေးခဲ့ပါတယ်။ ပါတီကိစ္စ ထည့်ပြောရတာဟာ စစ်အုပ်စုက ပြန်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို ဖျက်သိမ်းမယ်လို့ မေလ ၂၄ ရက်မတိုင်ခင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ထည့်သွင်းပြောဆိုခဲ့တာအ ပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ရုံးထုတ်မှုအပြီး NLD ပါတီနဲ့ ပတ်သက်တဲ့ မက်ဆော့ခ်စကားသာ ပြောကြားပြီး ပြင်ပမှာ စစ်အုပ်စုနဲ့ ပတ်သက်တဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ တလုံးတပါဒမှ မပြောခဲ့တာကြောင့် သို့လော သို့လော မေးခွန်းတွေ လူထုအကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ သတင်းမရောက်ဘူးလားဆိုတဲ့ အကြောင်းအရာတွေက လူပြောများလာသလို စစ်အုပ်စုထောက်ခံသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအာဏာအတွက် ပါတီကိုပဲ စိတ်ဝင်စား တာပါဆိုပြီး ဝါဒဖြန့်တာတွေ လုပ်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင် ထိန်းသိမ်းထားတဲ့နေရာကနေ တခြားနေရာကို ရွှေ့ လိုက်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သလို အနိုင်ရ NLD အမတ်များစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး NUG အစိုးရက သူမနဲ့အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ လုံခြုံရေးကို စိုးရိမ်ရပါတယ်လို့ ဇွန်လ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီစိုးရိမ်ချက်တွေအပြီး ဇွန်လ ၇ ရက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် ထပ်မံရုံးထုတ်ခဲ့ပါတယ်။ ရုံးမထုတ်ခင် နာရီဝက်အလိုလောက်မှာ သူမရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံမှု ပြုခဲ့ပါပြီး ပြည်သူလူထုအတွက် ကျန်းမာရေးကောင်းအောင် နေကြရန် အဓိက မှာခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေအဖွဲ့ကို အကူအညီတောင်းခံမှုတစ်ခုလည်း ပြုလုပ်ခဲ့ပါတယ်။

"ပြည်သူတွေကျန်းမာရေးကောင်းဖို့တော့ အဓိကမှာတာပေါ့နော်။ကျန်တာကတော့ အမေနဲ့အတူနေတဲ့ မိသားစုစားဝတ်နေရေးအတွက် ငွေလည်းနည်းနည်း နည်းသွားပြီ။ ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ရင်လည်း ဆောင်ရွက်ပေးပါပေါ့။ ဆေးလေးတွေ လိုအပ်နေတယ်။ သက်ဆိုင်ရာဌာနကတော့ သူတို့ စီစဉ်ပေးမယ်လို့ ပြောပေမယ့် အမေကတော့ အဲဒီလိုမျိုး စီစဉ်ပေးတာ မလိုချင်ဘူးပေါ့နော်။ ဒါ့ကြောင့် ကိုယ့်ဘာသာကိုယ်ပဲ ကျွန်မတို့တတ်နိုင်ရင် လုပ်ပေးပါလို့ ပြောပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဒီကနေ့ ဇွန်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါဟာ လူထုက မျှော်လင့်နေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပါးလိုက်တာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုလက်အောက် အကျယ်ချုပ်အနေနဲ့ ဖမ်းဆီးခံထားရပေမယ့် စစ်အုပ်စုရဲ့ အထောက်အပံ့ကို ငြင်းဆန်ပြီး မိမိဘာသာ ရပ်တည်ပြီး တရားရင်ဆိုင်နေတယ်၊ တော်လှန်နေတယ်ဆိုတာကို သတင်းစကားပေးလိုက်တာပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အကျယ်ချုပ် ချုပ်ခံထားရသူတွေအတွက် ဖမ်းဆီးထားသူတွေကသာ နေရေး၊ စားရေး စတာတွေကို စီမံပေးရတာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို လက်မခံဘူး၊ စစ်အုပ်စုရဲ့ အထောက်အပံ့ကို မယူဘူး ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်စုကို ရတဲ့နေရာ၊ ရောက်တဲ့နေရာကနေ အာခံ တော်လှန်နေတယ်ဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အကျယ်ချုပ်နဲ့ ချုပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုအပ်ချက်ကို စစ်အုပ်စုက အမိန့်တစ်ခုတည်းနဲ့ ဖြည့်ဆည်းလို့ ရတယ် အားလုံးသိကြမှာ ဖြစ်ပါတယ်။ သို့သော် "မလိုချင်ဘူး" လို့ ငြင်းဆန်ခဲ့ရင်တော့ အမိန့်နဲ့ လုပ်ရဲတဲ့ သတ္တိ စစ်အုပ်စုမှာ မရှိဘူးဆိုတာ ထင်ထင်ရှားရှား၊ ကွက်ကွက်ကွင်းကွင်း ပြလိုက်ခြင်းလည် ဖြစ်ပါတယ်။ အကျယ်ချုပ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒါ လိုအပ်တယ်လို့ ပြောလိုက်ရုံနဲ့ စစ်အုပ်စုက ချက်ချင်း ထလုပ်ပေးမှာ ဖြစ်ပေမယ့် လက်မခံဘူးဆိုတာဟာ ရတဲ့နည်းနဲ့ စစ်အုပ်စုကို တော်လှန်နေပါတယ်၊ ပြည်သူနဲ့အတူ ရှိနေပါတယ်ဆိုတာကို သတင်းစကား ပေးလိုက်တာပဲ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့စကားပြောစက် လက်ဝယ်ရှိမှု၊ ကိုဗစ်စည်းက်း ဖောက်ဖျက်မှု၊ ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှု၊ အများပြည်သူ မငြိမ်မသက်ဖြစ်အောင် ကြံရွယ်မှု၊ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့နဲ့ နေပြည်တော်မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး လျှို့ဝှက်ချက်အက်ဥပဒေဟာ ထောင်ဒဏ် ၁၄ နှစ်အထိ အမြင့်ဆုံး ချမှတ်နိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာလည်း အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေနဲ့ ထပ်မံတရားစွဲဆိုထားပြီး နေပြည်တော်တရားခွင်မှာပဲ စစ် ဆေးဖို့ စစ်အုပ်စုက ပြင်ဆင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုဘက် ပုဒ်မမျိုးစုံတပ် တရားစွဲဆိုမှုပေါင်းများစွာကို ရှစ်လေးလုံးအရေးအခင်း ပြီးကတည်းက ကြုံခဲ့ရဖူးသူ ဖြစ်ပြီး အကျယ်ချုပ် ချခံထားစဉ်ကလည်း နည်းပေါင်းစုံနဲ့ စစ်အုပ်စုကို ဆန့်ကျင်ပြပြီး ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။ ဒီလိုအကျပ်အတည်းပေါင်းစုံ ဖြတ်ပြီး ပြည်သူနဲ့အတူ မဖောက်မပြန် တစ်သားတည်း ရပ်တည်ခဲ့တာကြောင့်လည်း လူထုယုံကြည်မှု ရခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း ပြည်သူနဲ့ ရပ်တည်ပြီး အကျယ်ချုပ်ခံထားရတဲ့ကြားက စစ်အုပ်စု အထောက်အပံ့ကို ငြင်းဆန်ပြီး မတရားသဖြင့် တရားစွဲ ဆိုထားမှုတွေကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ သူမ ယုံကြည်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တတ်တဲ့ပုံစံအတိုင်း အကျယ်ချုပ် ဘဝနဲ့တောင် ဆန္ဒပြ တော်လှန်နေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required