တရုတ်-နယူးဇီလန်အရေးနဲ့ ငပွကြီးရဲ့နောက်ဆက်တွဲ

တရုတ်-နယူးဇီလန်အရေးနဲ့ ငပွကြီးရဲ့နောက်ဆက်တွဲ

ဇွန် ၈

တရုတ်နဲ့ သံရေးတမန်ရေးပြဿနာဟိုးလေးတကျော်ပွက်လောရိုက်တဲ့အဖြစ် လောလောဆယ်ကျရောက်လာနေတာကတော့ နယူးဇီလန်ပဲဖြစ်ပါတယ်။

နယူးဇီလန်မှာရှိနေတဲ့ လူသတ်တရားခံလို့ စွပ်စွဲခံထားရတဲ့သူတစ်ယောက်ကို တရုတ်ကိုပြန်လွှဲဖို့ ဖိအားပေးနေတာကနေ နယူးဇီလန် တရားလွှတ်တော်ချုပ်က လမ်းဖွင့်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကို သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။  တကယ်သာလွှဲပြောင်းဖြစ်မယ်ဆိုရင် နိုင်ငံထဲမှာနေနေတဲ့သူတစ်ယောက်ကို တရုတ်မှာတရားရင်ဆိုင်ဖို့လွှဲပြောင်းတဲ့ကိစ္စ ပထမဆုံးအဖြစ်ဖြစ်လာမှာပါ။ 

တကယ်တော့ တရုတ်နဲ့ နယူးဇီလန်နဲ့ ဟာ အပြန်အလှန် လွှဲပြောင်းပေးရေးသဘောတူစာချုပ်ရေးထိုးထားတာလည်းမဟုတ်ပါဘူး။ စာမျက်နှာ ၁၅၀ ရှိတဲ့ တရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်ဟာ တရားခံလွှဲပြောင်းရေးနောက်ဆုံးဆုံးဖြတ်ချက်တော့မဟုတ်သေးပါဘူး၊ အယူခံလုပ်ခွင့် ဇူလိုင်လထဲမှာရှိပါသေးတယ်။

ဒီအမှုဟာ တရုတ်နဲ့နယူးဇီလန်အကြား ဆက်ဆံရေးကိုမျက်ခြေမပြတ်စိစစ်နေတဲ့ကာလမှာပေါ်လာတာပါ။ ရှင်ကျန်းမှာ ဝီဂါလူနည်းစုတွေအပေါ်ကျူးလွန်မှု၊ ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားတဲ့တက်ကြွလှုပ်ရှားသူတွေကိုနှိမ်နင်းမှုတွေအပါအဝင် တရုတ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး "အလွန်ကိုစိုးရိမ်မကင်းဖြစ်ရတယ်" လို့ ကြေညာချက်တွေထုတ်တဲ့ကိစ္စကြောင့် တရုတ်က အထူးကိုပဲ အစာမကျေဖြစ်နေတဲ့အနေအထားပါ။

တရုတ်-နယူးဇီလန်ပြဿနာနောက်ကွယ်မှာနက်ရှိုင်းပါတယ်။ နယူးဇီလန်ဟာ အမေရိကား၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျားတို့နဲ့အတူ ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ထောက်လှမ်းရေးကွန်ရက် " မျက်လုံးငါးလုံးအဖွဲ့ဝင်" ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်အေးကာလကစလို့တည်ထောင်ခဲ့တဲ့ ဒီကွန်ရက်ထဲမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ တစ်ခြားနိုင်ငံတွေနဲ့ပတ်သက်လို့ ထောက်လှမ်းရရှိထားတဲ့ ထိပ်တန်းလျို့ဝှက် သတင်းအချက်အလက်တွေကို အပြန်အလှန်ဖလှယ်နေခဲ့ပါတယ်။ အရင်ကလို ကိုယ့်ချင်းကိုယ့်ချင်းသတင်းဖလှယ်တာတင်မဟုတ်တော့ဘဲ တရုတ်ရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားဝေဖန်မှုတွေလည်းပြုလုပ်လာကြတာဖြစ်ပါတယ်။

အခုဆိုရင် ဒီအဖွဲဝင်နိုင်ငံအကုန်လုံးက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေဆိုပြီး မတော်တရော်လုပ်တာ၊ ရွေးကောက်ခံအမတ်တွေကိုအရည်အချင်းပျက်ယွင်းတယ်ဆိုပြီးထုတ်ပစ်တာတွေကို ကန့်ကွက်တဲ့ ကြေညာချက်တွေထုတ်ထားကြပါတယ်။ ပြီးတော့ ဒီနိုင်ငံတွေအကုန်လုံးဟာလည်း တရုတ်ကဟွာဝေရဲ့ 5G နည်းပညာနဲ့ပတ်သက်ပြီး လုံခြုံရေးစည်းပေါက်မှုစိုးရိမ်ချက်တွေလည်းရှိနေပါတယ်။ 

အဲဒီမှာ တရုတ်ကွန်မြူနစ်ပါတီဟာ သူ့ရဲ့အာဏာစက်ကိုထိပါးတယ်လို့မြင်လာပြီးတုံ့ပြန်တာမှာ အတော်လေးကိုစိတ်ရှုတ်ထွေးနေဟန်ပေါ်လာပါတယ်။ ဟောင်ကောင်ကိစ္စပဲဖြစ်ဖြစ် တောင်တရုတ်ပင်လယ်အရေးပဲဖြစ်ဖြစ် ပေကျင်းလုပ်ချင်တဲ့ပုံနဲ့မကိုက်ဘူးလို့မြင်တာနဲ့ တရုတ် ထိပ်တန်းသံတမန်တွေဟာ ဆတ်ဆတ်ထိမခံ ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေနဲ့တုံ့ပြန်လို့နေပါတယ်။ 

နယူးဇီလန်က ဟောင်ကောင်မှာ ဝေဖန်သူတွေကိုအသံတိတ်အောင်လုပ်နေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတာကိုပြောတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂျောက်(ဘ်)လိဂျမ်က သတင်းစာရှင်းလင်းပွဲမှာပြောတာ အတော်ရုပ်ပျက်လှပါတယ်။ 

" သူတို့ဘာသာသူတို့ မျက်လုံးငါးလုံးပဲဖြစ်ဖြစ် ဆယ်လုံးပဲဖြစ်ဖြစ် တရုတ်အချုပ်အခြာအာဏာကိုထိပါးလာရင် လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်လာရင် သူတို့မျက်လုံးတွေကိုထိုးပြီးကန်းသွားအောင်လုပ်ခံရမယ်ဆိုတာကို သိထားသင့်တယ်" လို့ ဂျောက်(ဘ်)လိဂျမ်က ပြောပါတယ်။

ဂျောက်(ဘ်)လိဂျမ်နဲ့ပတ်သက်လို့ပြောရရင် အရင်ကလည်းဇာတ်လမ်းတွေရှိပါတယ်။ ပါကစ္စတန်မှာ ဒုသံမှူးလုပ်တုံးကတွစ်တာမှာ သူ့နာမည်ကို " မူဟာမက် ဂျောက်(ဘ်)လိဂျမ်" ဆိုပြီးရေးလို့ အတော်လေးကိုပွက်လောရိုက်သွားခဲ့ဖူးပါတယ်။ ဒီလူဟာ ကမူးရူးထိုးနိုင်တယ်၊ စိတ်ဒေါသထွက်လွယ်တဲ့ဆိုပြီး အပြောများကြပါတယ်။ ၂၀၁၉ ခုနှစ်တုံးက ဝီဂါအရေးနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာရေးတာနဲ့ပတ်သက်ပြီး စကားများကြတာကနေ ပါကစ္စတန်ကနေ ဂျောက်(ဘ်)လိဂျမ်ကို ပြန်ခေါ်ဖို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူဆန်ရိုက်စ်က တရုတ်အစိုးရကိုတောင်းဆိုဖူးပါတယ်။ 

ဂျောက်(ဘ်)လိဂျမ်က " ဝါရှင်တန်ဒီစီမှာဆိုရင် လူဖြူတွေဟာ ဘယ်သောအခါမှ SW အရပ်ကိုသွားမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီရပ်ကွက်က လူမဲနဲ့လက်တင်တွေချည်းပဲကိုး" လို့ တွစ်တာမှာရေးတော့ ဆူဆန်ရိုက်စ်က သူ့ကို " လူမျိုးခွဲခြားတဲ့ကျက်သရေမဲ့တဲ့သူ" လို့တုံ့ပြန်ခဲ့ပါတယ်။ 

ဒါတင်မက ဂျောက်(ဘ်)လိဂျမ်ပြောတာရှိပါသေးတယ်။ " ‘black in & white out’ လို့ ခေါ်တယ်၊ လူမဲမိသားစုတွေပြောင်းလာရင် လူဖြူတွေပြောင်းကုန်ကြပြီး အိမ်ခန်းဈေးတွေချက်ခြင်းကျကုန်တာ" တဲ့။ ဒီလိုတွေ သံတမန်တစ်ယောက်အနေနဲ့ မပြောသင့် မပြောအပ်တာတွေပြောနေပေမဲ့လည်း ရှီကျင့်ဖျင်တရုတ်အစိုးရကတော့ ဂျောက်(ဘ်)လိဂျမ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရယ်လို့ ရာထူးတိုးတာတောင်လုပ်ပေးလိုက်ပါတယ်။ 

အဓိပ္ပါယ်ကတော့ရှင်းပါတယ်။ တရုတ်ဟာ စည်းကမ်းတွေ၊ နီတိတွေ၊ တရားဥပဒေစိုးမိုးရေးတွေအပေါ်မှာ အယုံအကြည်မရှိဘဲ နိုင်ငံခေါင်းဆောင်ဟာ ဒါတွေဟာ နိုင်ငံ့ပုံရိပ်ဖြစ်တယ်လို့မမြင်နိုင်တဲ့အားနည်းချက်ပါပဲ။ ရလာဒ်ကတော့ ဂျောက်(ဘ်)လိဂျမ်လိုလူမျိုးပွဲထုတ်ပြီး တရုတ်ရဲ့ထွင်ဇာတ်တွေကိုဖြန့်ခိုင်းတာကိုတွေ့ကြရတာပါပဲ။

ထိန်းချုပ်မျဉ်းပေါ်က တရုတ်နဲ့အိန္ဒိယကြားက ဖြစ်နေတဲ့ ရန်စောင်နေတဲ့ကိစ္စကိုပဲကြည့်။ အရှေ့ လာဒက်ခ်မှာ တရုတ် PLA တပ်တွေအိန္ဒိယနယ်ထဲဝင်တော့ အတားခံရတယ်၊ အဲဒီမှာ အကြီးအကျယ်အားစမ်းတာဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံအကြားရန်ပွဲကို တရုတ်ပြောရေးဆိုခွင့်ရှိသူက အိန္ဒိယကိုအပြစ်ဖို့လိုက်ပါတယ်။ အိန္ဒိယစစ်သားအယောက် ၂၀ အသတ်ခံခဲ့ရတဲ့ ဂါလ်ဝမ်တောင်ကြားမှာ ဇွန် ၁၅ ရက်နေ့က အဖြစ်အပျက်ဟာ အိန္ဒိယမှာတာဝန်ရှိပါတယ်ဆိုပြီးလွှဲချလိုက်ပြီး လာဒက်ခ်ဟာ အိန္ဒိယပိုင်ဆိုတာကို မျက်တောင်တစ်ချက်မခတ်သွားပါဘူး။ နှစ်နိုင်ငံကြား ကီလိုမီတာ ၃၄၈၈ ရှည်လျားတဲ့ ထိန်းချုပ်မျဉ်းပေါ်က ထိပ်တိုက်တိုးမှုဟာ အိန္ဒိယရဲ့ အခြေခံအဆောက်အဦညံ့ဖျင်းမှုကြောင့်သာရယ်လို့ ဆိုသွားပါတယ်။ တကယ်တန်းမှာ အရှေ့လာဒက်ခ်နဲ့ ဟိမဝန္ဒာတောင်တန်းပေါ်မှာ အိန္ဒိယရဲ့လျင်လျင်မြန်မြန်တုံ့ပြန်မှုတွေဟာ ပေကျင်းကို တုန်လှုပ်သွားစေခဲ့ပါတယ်။ 

ဟောင်ကောင်က အဖြစ်ပျက်တွေရယ် ရှင်ကျန်းက ဝီဂါတွေကိုဖိနှိပ်မှုတွေဟာ နားနဲ့မဆန့်အောင်ပါပဲ။ တရုတ်ဟာ နယူးဇီလန်၊ အိန္ဒိယ၊ သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ အမေရိကားနဲ့ ဂျပန်တို့နဲ့ ပြဿနာတွေတက်ပြီးမွှေနေတာပါပဲ။ အဲသလိုအဖြစ်တွေကြောင့်လည်း ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့မှာ တရုတ်ရဲ့အပြုအမူ သူ့ရဲ့ စီမံကိန်းတွေအပေါ် သံသယတွေဝင်လာကြကုန်ပြီး တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ပင်မသွေးကြောတစ်ခုဖြစ်တဲ့ အရောင်းကွင်းဆက် supply chain ဟာ အက်ကြောင်းပေါ်လာပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly