ဘာကို တွေးနေသလဲ၊ ထလုပ်လိုက်

ဘာကို တွေးနေသလဲ၊ ထလုပ်လိုက်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့ဆန္ဒများ ထင်ဟပ်လာသည်၊ ပြည်သူများသည် တိုင်းပြည်၏ အနာဂတ်ကို ကိုယ်စီ ပုံဖော်လာကြသည်။ သတင်းမီဒီယာများကလည်း နိုင်ငံ့ကောင်း ကျိုးနှင့် ဖြစ်စေချင်သော အနာဂတ်ကို ပုံဖော်ရေးသားလာကြရာ ပြည်သူများ၏ စိတ်လှုပ်ရှားမှု များမှာလည်း ပိုမို ပြင်းထန်လာကြသည်။ တိုင်းပြည်သည် ကောင်းဖို့ တာစူနေပြီဟု မျှော်မှန်းရသည်။

မဲဆန္ဒရှင် ပြည်သူများသည် နိုဝင်ဘာ ၈ က မိမိတို့၏ လက်သန်းအသီးသီး မှင်စွန်းခံပြီး တိုင်းပြည် အပြောင်းအလဲကို ဝိုင်းရွှေ့လိုက်ကြသည်။ ဗန်းစကားဖြင့် ပြောရလျှင် အာဏာရှင်များနှင့် ၎င်းတို့၏ အကြွင်းအကျန်များကို ကိုယ်စီ လက်သန်းလေးများဖြင့် တောက်ချလိုက်ကြသည်။ ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီသည် အင်န်အယ်လ် ဒီသည် ရွေးကောက်ပွဲတွင် အောင်ပွဲခံလိမ့်မည်ဟု သိထားကြသည်။ ယခုတော့ဖြင့် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြီ။

အင်န်အယ်လ်ဒီအောင်ပွဲသည် လူထုအောင်ပွဲဖြစ်ကြောင်း လူထုခေါင်းဆောင်လည်းဖြစ်၊ အင်န် အယ်လ်ဒီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် အထပ်ထပ် ပြောသည်။

ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာတွင်ပင် လူထုဆန္ဒကို အကောင်အထည် ဖော်ကြပါမည့်အကြောင်း သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခွင့်တောင်းသည်။ ယခုတော့ဖြင့် ဆိုင်သူအားလုံး ပထမအဆင့် တွေ့ဆုံပြီး ဖြစ်သည်။

ဤသို့ဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒများ ပိုမိုရင့်သန် ခိုင်မာလာကြသည်။ ပြည်သူများသည် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပိုင်ဆိုင်နိုင်ကောင်း သည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အကြွင်းအကျန်များအောက် ပိပြား၊ ငြိမ်ဝပ်၊ ဆိုးရွားစွာ ရှင်သန် နေထိုင်ခဲ့ရသည်မှာ တန်ဖို့ကောင်းပေပြီ။ ပြည်သူများသည် နိုင်ငံသား တစ်ဦးချင်း၏ မွေးရာပါ အခွင့်အရေးများကို ပိုင်ဆိုင်ဖို့ အချိန်ကျပေပြီ။

သို့သော် ရာစုဝက်ကျော် ကိုယ်ကျိုးရှာ အခွင့်အရေးသမားများနှင့် အာဏာရှင်များ ပေါင်းစပ် ဖျက်ဆီးထားသော တိုင်းပြည်သည် ဘုံးဘုံးလဲ အနေအထားတွင် ရှိနေသည်။ ပြည်သူအများစု၏ စိတ်ဓာတ် သည် ပျက်ပြားနေပြီး အာဏာရှင်စနစ်၏ အမွေဆိုးများသည် မသိလိုက် မသိဘာသာ ကိန်းအောင်နေကြသည်။ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား သို့မဟုတ် အများသောက် မိုးခါးရေသောက် ခဲ့ကြရသည်။ စိတ်ဓာတ်ပျက်ပြားပြီးနောက် စည်းကမ်းမဲ့ခြင်း၊ အခွင့်အရေးအတွက် အကျိုး မျှော် ချဉ်းကပ်ခြင်း၊ နိုင်ရာစားခြင်းများသည် ဒွန်တွဲတည်နေခဲ့သည်။

ယခုတော့ အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက်တွင် ရေပြင်ညီကွင်းပြင် အခွင့်အရေးနှင့် ညီမျှ ကောင်းမွန်သော တရားဥပဒေ စိုးမိုးရေးကို လွန်လွန်ကျူးကျူး မျှော်လင့်နေကြသည်။ အကျင့် ပျက်ခြစား မှုများကိုလည်း စိတ်ပျက်နေကြပြီ ဖြစ်သည်။ စိတ်ပျက် ညစ်ညူးနေကြသော အရာအားလုံး ကို ဥုံဖွဖြင့် ကောင်းသွားစေချင်ကြသော်လည်း ထိုသို့ မျှော်မှန်းသည်ဆိုလျှင် လက်တွေ့ မကျပါ၊ နွေလယ် အိပ်မက်ကဲ့သို့သာ ဖြစ်ပါလိမ့်မည်။ အိပ်မက်သည် အိပ်မက်သာဖြစ်ပြီး၊ နွေလယ်တွင် မက်သဖြင့် နိုးထ၍ လက်တွေ့ဘဝ ပြန်ရောက်ချိန်တွင် ပူလောင်သည့် ဒဏ်ကိုသာ ခံစားကြရမည် ဖြစ်သည်။

ပြည်သူများသည် မိမိတို့၏ ရွေးချယ်မှု (ဝါ) ဆန္ဒပြုမှုမှ ရရှိလာသော ရလဒ် (ဝါ) အင်န်အယ်လ် ဒီအစိုးရသစ်ကို များစွာ မျှော်လင့်နိုင်ပါသည်။ ဒါသည်ပင် မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးဖြစ် သည်။ ကောင်းမည်ထင်၍ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ လက်တွေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ ခေါင်းဆောင်မှုအောက်တွင် လွှတ်တော်အမတ်သစ်များ ဖြစ်လာသည့် ပြည်သူ့ ကိုယ်စားလှယ် များသည် လုပ်သင့်လုပ်ထိုက်သည်များကို တဆင့်ခြင်း စတင် လုပ်ကိုင်နေကြပါသည်။

ပြည်သူနှင့် တသားတည်းရှိကြောင်းကို ပြလိုသည့်အတွက် ပြည်သူ့ ကိုယ်စားလှယ်များကို အမှိုက်ကောက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က သြဝါဒ ပေးသည်၊ ပြည်သူ့ ကိုယ်စားလှယ်များ လွှတ်တော် တွင်း ကောင်းမွန်စွာ ပြောတတ်ဆိုတတ် ဒီဘိတ်လုပ်တတ်ရန် အရည်အချင်းစစ် စာမေးပွဲ များ စစ်ဆေးမည်ဟု မီးထိုးသည်၊ ပြည်သူ့ ကိုယ်စားလှယ်သည် မိမိအကျိုးထက် ပြည်သူ့အကျိုးကို ဦးစားပေး လုပ်ကြရမည်၊ သို့မှသာ လွှတ်တော်ဆောင်ပုဒ် “ပြည်သူ့အသံ လွှတ်တော်အသံ” သည် အသက်ဝင်ပေလိမ့်မည်။

ဗုဒ္ဓဘာသာဝင်များအတွက် “ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည်” ဆိုသည့် စကား ရှိသည်၊ ကံဆိုသည်မှာ အလုပ်ဖြစ်သည်။ အလုပ်ကောင်းမှ ကံကောင်းနိုင်ပေသည်။ မဲဆန္ဒရှင် ပြည်သူ များသည် လက်ရှိကာလတွင် အင်န်အယ်လ်ဒီ အောင်ပွဲအတွက် မိမိတို့ အောင်ပွဲအသွင် ခံစားဂုဏ်ယူ ပျော်ရွှင်လျှက် ရှိသည်။ သို့သော် ထိုမျှနှင့်မပြီး၊ အလုပ်ကလည်း တွဲဖက်ရပေလိမ့်မည်။

မဲဆန္ဒရှင်များ အပါအဝင် ပြည်သူတစ်ရပ်လုံးသည် လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံ သား တစ်ဦးချင်း၏ အခွင့်အရေးများကို မချို့မယွင်း အပြည့်အဝ လိုချင်သည်ဆိုပါလျှင် နိုင်ငံသားတစ် ဦးချင်းက အတူလိုက်ပါ ထမ်းဆောင်ရမည့် စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်းများဖြင့် ထမ်းဆောင် ကြရသည့် နိုင်ငံသားတစ်ဦးချင်း၏ တာဝန်များကိုလည်း မလွဲမသွေ ထမ်းဆောင်ရမည်ဖြစ်ကြောင်း မဇ္ဈိမက သိစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly