ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၅ ခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီး သတ် စစ်ဆေးမည်

07 June 2021
ဒေါ်အောင်ဆန်းစုကြည်၏ အမှု ၅ ခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီး သတ် စစ်ဆေးမည်

ဇွန် ၇

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် စွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်ချက်များအက်ဥပဒေပုဒ်မ တစ်ခုမှလွဲ၍ နေပြည်တော်တွင် စွဲဆိုထားသော အမှုငါးခုစလုံးအား ရိုးရှင်းသောအမှုများအဖြစ် သတ်မှတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

“  သဘာဝဘေးအန္တရာယ်အမှု နှစ်မှုရယ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊  ပို့ကုန်သွင်းကုန်ဥပဒေ ၈နဲ့ ပုဒ်မ ၅၀၅(ခ) ရယ်ကို ရိုးရှင်းတဲ့ အမှုတွေအဖြစ် သတ်မှတ်ပါတယ်။ ... ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးပြီး အပြီးသတ်အမိန့်ချမှတ်မယ် အခုဆိုရင် ရုံးချိန်း ဆယ်ချိန်းလောက်ကို ရှိသွားပြီ။ အခုဟာက တရားလိုပိုင်းကို CMP လုပ်တာပါ။ စွပ်စွဲခံရတဲ့ သူတွေကို တော့ CMP မလုပ်ရသေးပါဘူး။” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

ဇွန် ၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် အထူးသီးသန့်တရားရုံးတွင် ဒုတိယအကြိမ်မြောက် လူတွေ့ ရုံးထုတ်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် တရားလိုဘက်အား  မှုခင်းဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်(CMP) ကို စစ်ဆေးခဲ့ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်အမိန့်ချမှတ်ရန်ဆုံးဖြတ်ခဲ့သည့်အပေါ် နှစ်ဘက်သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

တရားခွင်အတွင်း ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခံရသော သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် သုံးဦး တွေ့ဆုံခွင့်တောင်းဆိုခဲ့သော်လည်း တရားသူကြီးက သက်ဆိုင်ရာ ထိန်းသိမ်းထားသော ရဲတပ်ဖွဲ့နှင့် စွပ်စွဲခံရသူဘက်ရှေ့နေတို့ ညှိနှိုင်းဆောင်ရွက်သွားကြရန် ပြောဆိုခဲ့ကြောင်း သိရသည်

ရုံးချိန်မတိုင်ခင် အမှုလိုက်ရှေ့နေအဖွဲ့နှင့် စွပ်စွဲခံရသူသုံးဦးတို့ နာရီဝက်အကြာ တွေ့ဆုံစကားပြောခွင့်ရရှိခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းနှင့် အတူ ဖမ်းဆီးထိန်းသိမ်းခံထား ရသူများ၏ စားသောက်စရိတ်နှင့် လိုအပ်သည့် ဆေးဝါးစရိတ်ကို  စီစဉ်ပေးရန် ၎င်း၏ရှေ့နေအဖွဲ့အား အကူအညီ တောင်းဆိုခဲ့ကြောင်း ဒေါ်မင်းမင်းစိုးက ဆိုသည်။

“ သုံးဦးတွေ့ဆုံခွင့်ကို  တရားသူကြီးက ထိန်းသိမ်းထားတဲ့ သူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေညှိနှိုင်းပါလို့ တော့ပြောတယ်။ ကျွန်မတို့က သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာပါ။ ရုံးချိန်းတိုင်းမှာ တရားလို အပါအဝင် တရားလိုပြသက်သေနှစ်ယောက်စီ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ စားစရိတ်နဲ့ ဆေးဖိုးဝါးခ စရိတ် ကိုလည်း အကူအညီတောင်းထားပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မတို့ အဖွဲ့နဲ့ တိုင်ပင်ဆွေး နွေးရပါဦးမယ် အမေကျန်းမာရေးကတော့ ကောင်းပါတယ်။ လန်းလန်းဆန်းဆန်းနဲ့ ကြံ့ကြံ့ခိုင်ခိုင်ပါဘဲ။ ပြည်သူကိုတော့ ကျန်းမာအောင်နေထိုင်ကြဖို့ဘဲပြောပါတယ်” ဟု ဆိုသည်။

လာမည့် ရုံးချိန်းမှစတင်ကာ တစ်ပတ်လျှင်နှစ်ကြိမ် ၊ တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ရုံးထုတ်စစ်ဆေး မည်ဖြစ်ပြီး လာမည့်ရုံးချိန်းကို ဇွန်၁၄ ရက်တွင် ချိန်းဆိုထားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required