ကနေဒါတွင် တက်ကြွလှုပ်ရှားသူတစ်ဦးက တိဘက်လွတ်လပ်ရေးအတွက် ၁၀ ရက်တာ ချီတက်ဆန္ဒထုတ်ဖော်

By Zee5
07 June 2021
ကနေဒါတွင် တက်ကြွလှုပ်ရှားသူတစ်ဦးက တိဘက်လွတ်လပ်ရေးအတွက် ၁၀ ရက်တာ ချီတက်ဆန္ဒထုတ်ဖော်

ကနေဒါနိုင်ငံရှိ ဒေသဆိုင်ရာ တိဘတ်လူငယ်ကွန်ဂရက် အဖွဲ့အစည်း၏ ဒုဥက္ကဋ္ဌဖြစ်သည့် ဆန်နီ ဆိုနမ်သည် တိဘက်ကို တရုတ် သိမ်းပိုက်ထားမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန်အတွက် ၁၀ ရက်တာ လမ်းလျှောက်ချီတက်မှုတစ်ခုကို မကြာသေးခင်က စတင်လုပ်ဆောင်ခဲ့ကြောင်း TAG TV က ဖော်ပြသည်။

ကီလိုမီတာ ၁၈၀ နီးပါးရှိ ခရီးအကွာအဝေးကို လမ်းလျှောက်ချီတက်သည့် ဆိုနမ်သည် တိဘက်နှင့် ဟောင်ကောင် အချုပ်အချယ်ကင်း လွတ်လပ်ရေး၊ တရုတ်၏ သိမ်းပိုက်မှု အဆုံးသတ်ရေးအတွက် တောင်းဆိုဆန္ဒထုတ်ဖော်ရင်းဖြင့် ချီတက်ခြင်းဖြစ်သည်။ ၎င်းဖြတ်သန်းခဲ့သည့် ကနေဒါမြို့များမှာ စိန့် ကက်သရင်း၊ ၀ီနိုနာ၊ ဂရင်မ်စဘီ၊ စတိုးနီ ခရိခ်၊ ဟာမီလ်တန်၊ ဘာလင်တန်၊ အုတ်ခ်ဗီးလ်၊ မစ်စစ်ဆောဂါ နှင့် တိုရွန်တိုတို့ ဖြစ်သည်။

ဆိုနမ်သည် ၎င်း၏ လမ်းလျှောက်ချီတက်မှုကို အမေရိကန်-ကနေဒါ နယ်စပ်ရှိ ရိန်းဘိုး တံတားကနေ စတင်ခဲ့ပြီး တရုတ်ကောင်စစ်၀န်ရုံးထံ သွားရောက်မည်ဖြစ်ကြောင်း TAG TV က ဖော်ပြသည်။

“ကျွန်တော် ခရီးအကွာအဝေး ၁၇၀-၁၈၀ ကီလိုမီတာနီးပါးကို လမ်းလျှောက်ခဲ့ပါတယ်၊ ကျွန်တော် ဘာကြောင့် ချီတက်လမ်းလျှောက်ရတာလဲ ဆိုတာကတော့ တိဘက်မှာ အပြင်းအထန် ရုန်းကန်ကြိုးပမ်းနေကြရဆဲဖြစ်တဲ့ ကျွန်တော့်ရဲ့ ညီအကိုတွေ၊ အမတွေညီမအတွက် ရည်ရွယ်ပါတယ်၊ အဲဒီလိုပဲ ဟောင်ကောင်မှာ ရှိနေတဲ့ ရုန်းကန်ကြိုးပမ်းနေသူတွေအတွက်လည်း အတူတူ ရည်ရွယ်ပါတယ်၊ နောက်ပြီး ဥဇဘတ်ကစ္စတန် အတွက်လည်း အတူတူပါပဲ၊ ဒီတော့ ကျွန်တော်တို့ရဲ့ ညီအကိုတွေ၊ အမတွေဟာ အဲဒီမှာ ကြုံတွေ့ခံစားနေကြရဆဲ ဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့သင့်ပါဘူး” ဟု ဆိုနမ်က လူတစ်ချို့ နှင့် တွေ့ဆုံစဥ် ပြောကြားသွားခဲ့သည်။

၎င်းနှင့် အခြား ဆန္ဒပြသူများသည်လည်း “တိဘက်ကို လွတ်လပ်ရေး ပေးပါ၊ တရုတ် ထွက်သွား” နှင့် “ဟောင်ကောင်ကို လွတ်လပ်ရေးပေးပါ” ဆိုသည့် ဆိုင်းပုဒ်များကို ကိုင်မြှောက်ခဲ့ကြသည်။

တရုတ်အစိုးရသည် ၁၉၅၀ ပြည့်နှစ်တွင် တိဘက်ကို သိမ်းပိုက်ခဲ့ပြီး ထိုအချိန်မှစ၍ ဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းထားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၉၈ ရာခိုင်နှုန်းကို ဖျက်ဆီးထားခဲ့သည်။

တရုတ်သည် ရှင်ကျန်းဒေသရှိ ၀ီဂါများနှင့် အခြားလူနည်းစု မျိုးနွယ်စုများအပေါ် အသုံးပြုထားခဲ့သည့် တူညီသော ဖိနှိပ်မှု နည်းလမ်းများကို တိဘက်တွင်လည်း အသုံးပြုလျက် ရှိသည်။ တိဘက်သား ငါးသိန်းခန့်သည် လက်ရှိအချိန်တွင် အလုပ်သမား ကမ့်စခန်းများတွင် ထိန်းသိမ်းခံနေရလျက်ရှိသည်။

တိဘက်တွင် တရုတ်ကွန်မြူနစ်ပါတီအာဏာပိုင်တို့ ကျင့်သုံးနေသော ယင်း၏ သဘောထား၊ အတွေးအခေါ်များကို လက်သင့်ခံစေ‌ရေး မူ၀ါဒများနှင့် အစီအစဥ်များက ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း တိဘက်၏ သမိုင်း၊ အမွေအနှစ်၊ ယဥ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာတို့အပေါ် ခြိမ်းခြောက်ထားခဲ့ကြောင်း ပညာရှင်အများအပြားက အလေးပေးပြောဆိုထားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Freedom House ၏ အဆိုအရ တိဘက်သည် ယခုအချိန်တွင် ကမ္ဘာပေါ်တွင် လွတ်လပ်မှု အနည်းဆုံး နေရာအဖြစ် ဆီးရီးယားနှင့်အတူ ရပ်တည်နေကြောင်း သိရသည်။ တိဘက်ရှိ ဗုဒ္ဓဘာသာနေရာအများစုမှာ ပိတ်ပင်ခံထားရပြီး ယင်းတို့၏ အလံများသည်လည်း ဆွဲချခံထားရကာ ဘုန်းတော်ကြီးများနှင့် သီလရှင်များသည်

ကမ့်စခန်းများအတွင်း အချုပ်ချခံထားရပြီး တရုတ်သည် ထို ထောင်စုနှစ်ချီသက်တမ်းရှိ ယဥ်ကျေးမှုကို ဖျောက်ဖျက်ပစ်ရန် ကြိုးပမ်းနေသည်။

မကြာ‌သေးခင်ကလည်း တိဘက်၏ ၁၁ ယောက်မြောက် ပန်ချန်လားမား ဂက်ဟန် ချိုကြည်မာနီ အဓမ္မဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှု၏ ၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် နိုင်ငံတစ်ချို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး တိဘက် ဗုဒ္ဓဘာသာအရ ဘာသာရေးခေါင်းဆောင် ရွေးချယ်အသိအမှတ်ပြုမှုဆိုင်ရာ ရာစုနှစ်များစွာကြာသက်တမ်းရှိ အစဥ်အလာအပေါ် တရုတ်က စွက်ဖက်မွှေနှောက်နေကြောင်း စွပ်စွဲခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly