အိန္ဒိယတွင် နေ့အလိုက် ကိုဗစ်ကူးစက်ခံရသူအသစ် တွေ့ရှိမှု (၇) ရက်ဆက်တိုက် ၂ သိန်းအောက်တွင် ရှိနေ

By Hindustan Times
07 June 2021
အိန္ဒိယတွင် နေ့အလိုက် ကိုဗစ်ကူးစက်ခံရသူအသစ် တွေ့ရှိမှု (၇) ရက်ဆက်တိုက် ၂ သိန်းအောက်တွင် ရှိနေ

အိန္ဒိယနိုင်ငံတွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် တွေ့ရှိမှုသည် ခုနစ်ရက်ဆက်တိုက် နှစ်သိန်းအောက် လျော့နည်းနေခဲ့ကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ဒေတာအချက်အလက်များက ပြသနေသည်။

ဇွန်လ ၂ ရက်က ယင်းနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၁၃၄,၀၂၆ ဦး တွေ့ရှိခဲ့သလို သီတင်းပတ်အချို့နောက်ပိုင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုဖြစ်စဥ်သစ် အရေအတွက်သည်လည်း ၃,၀၀၀ အောက် (၂,၈၈၇) ကို ကျဆင်းခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရ၍ ဆေးကုသမှုခံယူနေရသူ (active cases) အ‌ရေအတွက်ပိုင်းတွင် ဆက်တိုက် ကျဆင်းလျက်ရှိပြီး ဇွန်လ ၂ ရက်တွင် ဆေးကုသမှုခံယူနေသူဦးရေ ၁,၇၉၃,၆၄၅ ဦး ရှိနေခဲ့သည်ဟု သိရသည်။ ဆေးကုသမှုခံယူနေသူဦးရေ ၁၀၁,၈၇၅ ဦး အသားတင်ကျဆင်းမှုတစ်ခု ရှိခဲ့သည့်အတွက် ယခုအခါ ယင်းနိုင်ငံတွင် ကိုဗစ်ကြောင့် လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရသူဦးရေသည် နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေစုစုပေါင်း၏ ၆ ဒသမ ၃၄ ရာခိုင်နှုန်းမျှသာ ရှိနေသည်။

“ကူးစက်မှု အခြေအနေက တည်ငြိမ်နေပါတယ်၊ အစောပိုင်းတုန်းက ကူးစက်ခံရသူဦးရေတွေ့ရှိမှုနှုန်း များပြားခဲ့တဲ့ ခရိုင်ဒေသ အများအပြားမှာဆိုရင် ခုချိန်မှာ နေ့အလိုက် ကူးစက်သူသစ်တွေ့ရှိမှုပိုင်းမှာ ကျဆင်းနေပြီး အားကောင်းတဲ့ တိုးတက်မှုတွေကို ပြသနေပါတယ်၊ ဒါက အားတက်စရာ အခြေအနေတစ်ခုပါပဲ” ဟု အမည်မဖော်လိုသူ အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယ၏ နေ့အလိုက် ကိုဗစ်-၁၉ ကနေ ပြန်လည်သက်သာနာလန်ထူလာသူဦးရေသည် ၂၁ ရက် ဆက်တိုက်အဖြစ် နေ့အလိုက် ရောဂါပိုးကူးစက်ခံရသူသစ် တွေ့ရှိမှုထက် ကျော်လွန်များပြားနေခဲ့သည်။ ဇွန်လ ၂ ရက်တွင် ရောဂါကနေ ပြန်လည်နာလန်ထူလာသူဦးရေ ၂၃၁,၄၅၆ ဦး ရှိခဲ့သည်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဦးရေ စုစုပေါင်းအနက် လူပေါင်း ၂၆,၁၇၉,၀၈၅ ဦးသည် ယခုအခါ ရောဂါကနေ ပြန်လည်သက်သာ နာလန်ထူသွားခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ဒေတာအချက်အလက်များအရ သိရသည်။ ယင်းက ယေဘုယျ ပြန်လည်သက်သာနာလန်ထူမှုနှုန်း ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြစ်သလို ယင်းသည် တိုးပွားလာနေသော လားရာတစ်ခုကို ပြသနေသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရန် လုပ်‌ဆောင်ခဲ့သည့် ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်သည် အရှိန်မြန်ဆန်များပြားထားခဲ့ရာ ယင်းက test positivity (စစ်ဆေးမှုစုစုပေါင်းအနက် ပိုးတွေ့မှု) ပိုင်း ကျဆင်းမှုကို ပံ့ပိုးထောက်ကူလျက်ရှိသည်။

ယင်းနိုင်ငံတွင် ဇွန်လ ၂ ရက်က ဗိုင်းရပ်စ် စစ်ဆေးမှုစုစုပေါင်း အနည်းဆုံး နှစ်သန်း (၂,၀၁၉,၇၇၃) ကို လုပ်ဆောင်ထားခဲ့သည်။ အိန္ဒိယသည် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ စစ်ဆေးမှုပေါင်း သန်း ၃၅၀ ကျော် (၃၅၀,၀၅၇,၃၃၀) ကို လုပ်ဆောင်ထားသည်။

“တစ်ဖက်မှာကြည့်မယ်ဆိုရင် နိုင်ငံတ၀န်း ဗိုင်းရပ်စ် စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ထားခဲ့ချိန်မှာ အပတ်စဥ် test positivity ပိုင်းမှာ ဆက်တိုက် ကျဆင်းလာတာကိုပါ သတိပြုထားမိခဲ့ပါတယ်” ဟု ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်ထဲတွင် ပြောကြားထားသည်။

အပတ်စဥ်အလိုက် test positivity rate (စစ်ဆေးမှုစုစုပေါင်းအနက် ပိုးတွေ့မှုနှုန်း) သည် လက်ရှိအချိန်တွင် ၈ ဒသမ ၂၁ ရာခိုင်နှုန်းတွင် ရှိနေပြီး နေ့အလိုက် test positivity rate နှုန်းကလည်း လျော့ကျထားခဲ့ပြီး ၆ ဒသမ ၅၇ ရာခိုင်နှုန်းတွင် ရှိနေသည်။ ယင်းသည် ယခုအခါ ၁၀ ရက်ဆက်တိုက်အဖြစ် ၁၀ ရာခိုင်နှုန်းအောက်တွင် ဆက်ရှိနေသည်။ Positivity rate သည်

အချိန်ကာလတစ်ခုအတွင်း လုပ်ဆောင်ခဲ့သော စစ်ဆေးမှုအရေအတွက် စုစုပေါင်းနှင့် ပိုးတွေ့အတည်ပြုလူနာ အရေအတွက်အချိုးအစားဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly