ထိုင်းနိုင်ငံမှာ နှစ်မကုန်ခင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးမယ့် စီမံချက် စတင် 

ထိုင်းနိုင်ငံမှာ နှစ်မကုန်ခင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးမယ့် စီမံချက် စတင် 
Photo - AFP

ဇွန် ၇

ထိုင်းနိုင်ငံမှာ အခုနှစ် မကုန်ခင် လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို အပြီးအစီး ကာကွယ်ဆေး ထိုးနှံပေးမယ့် ရည်မှန်းချက်နဲ့အတူ အကြီးစား ကာကွယ်ဆေး ထိုးနှံရေး စီမံချက် စတင်ပြီ ဖြစ်ပါတယ်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်လျက် ရှိနေချိန်မှာ အစိုးရက ခုလို ကာကွယ်ဆေးထိုးနှံပေးတဲ့ အကြီးစားစီမံချက်ကို စတင်ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။ 

ကာကွယ်ဆေး ထိုးနှံပေးရေး စင်တာတွေမှာ ဇွန် ၇ ရက်က စီမံချက် စတင်ချိန်မှာ အများပြည်သူဟာ လာရောက်တန်းစီပြီး ကာကွယ်ဆေး ထိုးနှံခံကြပါတယ်။ 

ထိုင်းအစိုးရအနေနဲ့ ၎င်းတို့ရဲ့ နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်တွေနဲ့ Sinovac နဲ့ AstraZeneca ကာကွယ်ဆေးတွေပဲ ပြည်သူတွေအတွက် ထောက်ပံ့နိုင်ပြီး ကာကွယ်ဆေး ရရှိနိုင်တဲ့ အခွင့်အလမ်းတွေ အကန့်အသတ်ရှိနေတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ကြုံနေရတာပဲ ဖြစ်ပါတယ်။ 

“အစိုးရအနေနဲ့ ပြည်သူတွေ ပိုပြီး ရွေးချယ်စရာရှိမယ့် ကာကွယ်ဆေးတွေကို ထောက်ပံ့ပေးသင့်တယ်၊ ကျွန်မတို့အနေနဲ့ ရွေးချယ်ပိုင်ခွင့် ရှိရမှာ ဖြစ်တယ်”ဆိုပြီး ကာကွယ်ဆေး လာရောက်အထိုးနှံခံတဲ့ အသက် ၄၂ အရွယ် အမျိုးသမီး သီရိရတ်ဆာဟန်နေးက ပြောပါတယ်။ 

“ကာကွယ်ဆေးတွေ ထုတ်လုပ်နေနိုင်တာလည်း ကြာပြီဆိုတော့ Sinovac နဲ့ Astrazeneca ကာကွယ်ဆေး နှစ်မျိုးဘဲ ရှိနေတာမျိုး မဖြစ်သင့်တော့ဘူး၊ အစိုးရက ပိုပြီး ကောင်းကောင်းစီမံခန့်ခွဲနိုင်မှ အခြေအနေတွေ ပိုကောင်းလာမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ကာကွယ်ဆေး အထိုးနှံခံတဲ့ အသက် ၃၇ အရွယ် အော့ဆိုတဲ့ အမျိုးသားက “အစိုးရဟာ မရေမရာပါပဲ၊ အချိန်နဲ့ တစ်ပြေးညီ ဘာမှ မပြင်ဆင်နိုင်ဘူး၊ တော်တော်လေး နမော်နမဲ့ နိုင်တယ်”ဆိုပြီး ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ လက်ရှိအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၁၇၉၀၀၀ ကျော် ရှိပြီး သေဆုံးသူက ၁၂၆၉ ဦး ရှိပါတယ်။ 

ထိုင်းကနေ ဗီယက်နမ်အထိ နိုင်ငံတွေမှာ နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေက လိုက်နာမှု နည်းပါးတာတွေကြောင့် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေ အကျပ်တွေ့ရတာနဲ့အတူ ကူးစက်မှုသစ် မြင့်တက်တာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly