ပါကစ္စတန်မှာ ရထား မတော်တဆမှုကြောင့် လူ ၃၀ ကျော် သေဆုံး

ပါကစ္စတန်မှာ ရထား မတော်တဆမှုကြောင့် လူ ၃၀ ကျော် သေဆုံး
Photo - AFP

 

ဇွန် ၇

ပါကစ္စတန်နိုင်ငံမှာ ဇွန်လ ၇ ရက်က လမ်းချော်မှုဖြစ်ထားတဲ့ ရထားတစ်စင်းကို လူအပြည့်အကျပ်လိုက်ပါလာတဲ့ အခြားရထားတစ်စင်းက ၀င်တိုက်မိခဲ့တဲ့အတွက် လူ ၃၄ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဆင်းန်ပြည်နယ်ရဲ့ ဝေးလံတဲ့ဒေသရှိ ဒါဟာကီမြို့အနီးမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ ပျက်စီးသွားတဲ့ ရထားတွဲတွေထဲ ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ မီးရထားဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ပိတ်မိနေသူတွေကို ဆွဲထုတ်ကယ်ဆယ်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာလည်း အထူးစက်ကိရိယာအကူအညီတွေ အရေးတကြီး တောင်းခံထားပါတယ်။

“ဖြစ်တဲ့နေရာက ဝေးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ ကယ်ဆယ်ရေးလုပ်ရာမှာ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်” လို့ မီးရထားဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဖြစ်စဥ်မှာ ရထားတွဲ ခြောက်တွဲလောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

နိုင်ငံပိုင်ရထားကုမ္ပဏီက စီမံခန့်ခွဲတဲ့ Millat Express ရထားတစ်စင်းဟာ ကရာချိမြို့ကနေ ဆာဂိုဒါမြို့ဆီ ဦးတည်ခုတ်မောင်းခဲ့စဉ်အရုဏ်မတိုင်မီ လမ်းချော်မှုဖြစ်ခဲ့လို့ တွဲတစ်ချို့ဟာ အခြားသံလမ်းတစ်ခုဘက် ရောက်နေခဲ့ချိန် ရ၀ယ်လ်ပင်ဒီကနေ ထွက်ခွာလာတဲ့ Sir Syed Express ရထားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တုန်လှုပ်မိကြောင်း ၀န်ကြီးချုပ် အီမရန် ခန်းက ပြောခဲ့သလို ဖြစ်စဥ်အပေါ် အသေအချာစုံစမ်းစစ်ဆေးသွားမယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly