နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းရှိ ကျေးရွာတွေ တိုက်ခိုက်ခံရပြီး လူ ၈၈ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းရှိ ကျေးရွာတွေ တိုက်ခိုက်ခံရပြီး လူ ၈၈ ဦးထက်မနည်း သေဆုံး
Photo - AFP

ဇွန် ၆
 
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကက်ဘီပြည်နယ်မှာ ဇွန်လ ၃ ရက်က ကျွဲနွားခိုးဂိုဏ်းတစ်ဂိုဏ်းက ကျေးရွာခုနစ်ရွာကို တိုက်ခိုက်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ၈၈ ဦးအထိ မြင့်တက်ခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ဒေသမှာတော့ လူအုပ်စုတွေအကြား အရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ဆယ်စုနှစ်များစွာနဲ့ချီ ပဋိပက္ခတွေ ဖြစ်နေခဲ့ပြီး ယခုနောက်ပိုင်းကာလတွေမှာ လူအုပ်စု အစုအဖွဲ့တစ်ချို့ဟာ အကြမ်းဖက်မှု၊ လုယက်မှု၊ သတ်ဖြတ်မှုနဲ့ ပြန်ပေးငွေအတွက် ပြန်ပေးဆွဲမှုတို့ကို ပိုပြီး လုပ်ဆောင်လာနေခဲ့တယ်လို့ သိရပါတယ်။

“ကနဦးတုန်းကတော့ အလောင်း ၆၆ လောင်း တွေ့ထားခဲ့တယ်၊ ဒါပေမယ့် အခု အလောင်း ၂၂ လောင်း ထပ်တွေ့ခဲ့ပြန်ပါတယ်” လို့ ကက်ဘီ ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နာဖျူ အဘူဘာကာက ပြောပါတယ်။

ရှာဖွေစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

ဒီဖြစ်စဥ်မှာ ဒါဇင်များစွာချီပါ၀င်တဲ့ တိုက်ခိုက်သူတွေဟာ မော်တော်ဆိုင်ကယ်တွေနဲ့အတူ ဒန်ကို ၀ါဆာဂူ ဒေသမှာ ရှိတဲ့ ကျေးရွာခုနစ်ရွာကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဘူဘာကာက ပြောပါတယ်။

သေနတ်သမားတွေဟာ ကိုရို၊ ကင်မ်ပီ၊ ဂါယာ၊ ဒီမီ၊ ဇူတူ၊ ရာဖင် ဂိုရာနဲ့ အိုင်ဂွမ်ဂီ ကျေးရွာတွေကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ၎င်းက ပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ကြရပြီး ဇွန်လ ၆ ရက်အထိ လူအများအပြား ပျောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ရှာဖွေမှုတွေ ဆက်လုပ်နေဆဲပါ၊ နောက်ထပ် အလောင်းတွေ ထပ်တွေ့နိုင်ပါသေးတယ်၊ ဆိုတော့ သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ပါသေးတယ်” လို့ အဘူဘာကာ က ပြောပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတွေမဖြစ်အောင် ကြိုတင်ဟန့်တားဖို့အတွက် အဆိုပါ ဧရိယာမှာ ရဲတွေ ဖြန့်ကျက်ချထားတယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly