ဆီယာလီယွန် မိုးသစ်တော၌ ငါးလုပ်ငန်းဆိပ်ကမ်း တည်ဆောက်မည့် သဘောတူညီချက်အပေါ် ကန့်ကွက်မှုများ ဖြစ်ပေါ်

By Just Earth News
06 June 2021
ဆီယာလီယွန် မိုးသစ်တော၌ ငါးလုပ်ငန်းဆိပ်ကမ်း တည်ဆောက်မည့် သဘောတူညီချက်အပေါ် ကန့်ကွက်မှုများ ဖြစ်ပေါ်

ဆီယာလီယွန်ရှိ အကျယ်အဝန်း ဧက ၂၅၀ ရှိသော သန့်ရှင်းသည့် ကမ်းခြေနှင့် မိုးသစ်တော မြေနေရာကို ငါးလုပ်ငန်းဆိပ်ကမ်း တည်ဆောက်ရန် တရုတ်သို့ ဒေါ်လာ ၅၅ သန်းဖြင့် ရောင်းချလိုက်ခြင်းအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ၊ လူ့အခွင့်အရေး အုပ်စုများ၊ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့များနှင့် ဒေသခံ မြေပိုင်ရှင်များက အစိုးရကို ကန့်ကွက်လိုက်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

CNBC သတင်းတစ်ပုဒ်တွင် ယင်းစီမံကိန်းသည် သန့်ရှင်းသော မိုးသစ်တောကို ပျက်စီးစေခြင်း၊ ငါးသယံဇာတများကို အတင်းအဓမ္မခိုးယူခြင်း၊ ပင်လယ်ပြင်နှင့် ငါးမွေးမြူရေး လုပ်ဆောင်သော၊ ရှားပါး ငှက်နှင့် သားရိုင်းတိရစ္ဆာန်မျိုးစိတ်တို့ကို စောင့်ရှောက်ထားသည့် ဂေဟစနစ် ၅ ခုတို့ကို ညစ်ညမ်းစေနိုင်ကြောင်း ကန့်ကွက်သူများက ပြောကြားသည်ဟု CNBC သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင်းမှ ပြည်သူ့မူဝါဒရေးရာ သုတေသနအဖွဲ့အစည်းများဖြစ်သည့် ‘တရာမျှတရေးဆို်ငရာ ဥပဒေ သုတေသနနှင့် အကျိုးဆောင်ဌာန (ILRAJ)’ နှင့် ‘Namati Sierra Leone’ တို့က ငါးလုပ်ငန်းဆိပ်ကမ်း တည်ဆောက်ရန်နှင့် အနောက်ဖက် ကျွန်းဆွယ်ဧရိယာရှိ တရုတ်အစိုးရက ငွေကြေးပံ့ပိုးထားသော Black Johnson ကမ်းခြေရှိ စီမံကိန်းတွင် စွန့်ပစ်ပစ္စည်း ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်မည့် အစီအစဉ်နှင့် သက်ဆိုင်သည့် အချက်အလက်များကို တောင်းခံခဲ့သည်။

သဘာဝနှင့် လူမှုနယ်ပယ်အပေါ် ထိခိုက်မှု တရားဝင်တွက်ချက်ထားမှု စာရွက်စာတမ်းများ၊ တရုတ်နှင့် ဆီယာလီယွန်အစိုးရတို့အကြား ထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် မိတ္တူများကိုလည်း အဆိုပါ အဖွဲ့များက တောင်းဆိုထားကြောင်း CNBC က ဖော်ပြထားသည်။

ယခု စီမံကိန်းကို ကန့်ကွက်ထားသည့် Greenpeace Africa အဖွဲ့က ၎င်းတို့၏ တွစ်တာတွင် “အနောက်အာဖရိကရှိ ငါးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ ရာသီဉတု ပြောင်းလဲမှု ပြဿနာတို့ကို လက်ရှိတွင် ရင်ဆိုင်နေရသည်။ ပိုမို ထုတ်လုပ်မည့် လုပ်ငန်းများကို ဒေသတွင်း ခွင့်ပြုပေးခြင်းသည် ယင်းအခြေအနေကို ပိုမိုဆိုးရွားလာစေနိုင်သည်” ဟု ဖော်ပြထားသည်။

Custodian of Environment ဆိုသည့်အဖွဲ့ကလည်း “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သူရဲကောင်းတွေ လိုနေပါတယ်။ မိမိတို့ ပြန်ပြီး မတွန်းလှန်ဘူးဆိုရင် Black Johnson ကမ်းခြေဟာ အဆိပ်သင့်တဲ့ ငါးလုပ်ငန်းနေရာ ဖြစ်သွားပါလိမ့်မယ်” ဟု ရေးသားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly