တရုတ်နှင့် ပိုင်နက်အငြင်းပွားနေချိန်တွင် အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့မှုကို အရှိန်မြှင့်တင်

By Washington Post
06 June 2021
တရုတ်နှင့် ပိုင်နက်အငြင်းပွားနေချိန်တွင် အမေရိကန်-ဂျပန် မဟာမိတ်ဖွဲ့မှုကို အရှိန်မြှင့်တင်

ဒေသတွင်းပင်လယ်ပြင်ရှိ အငြင်းပွားဖွယ်ရာနေရာများကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုနေစဉ် အမေရိကန်၏ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် အကြီးအကဲသစ်က ဇွန်လ ၁ ရက်တွင် ဂျပန်ထိပ်တန်းအရာရှိများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းတို့၏ မဟာမိတ်ဖြစ်မှုကို ထပ်မံအတည်ပြုပြောကြားခဲ့သည်။

ဧပြီလတွင် ယင်းရာထူးကို လက်ခံခဲ့သူ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမတ်စု မိုတီဂီတို့က တရုတ်၏ အရှေ့နှင့် တောင်တရုတ်ပင်လယ်၏ လက်ရှိပိုနေမြဲကျားနေမြဲအခြေအနေကို ပြောင်းလဲပစ်ရန် အဆက်မပြတ်ကြိုးပမ်းနေခြင်းအပေါ်၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။

“လက်ရှိအခြေအနေတွေမှာ မဟာမိတ်တွေရဲ့အရေးပါမှုဟာ အရင်က ထက်ပိုပြီးအရေးကြီးလာပါပြီ”ဟု မိုတီဂီက ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုကို အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကို နှစ်ဖက်စလုံးက ထပ်မံအတည်ပြုပြောကြားခဲ့ပြီး လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အောင်မြင်မှုရရှိရန်အတွက် ပူးတွဲတုံ့ပြန်မှုစွမ်းရည်နှင့် လိုအပ်ချက်များကို ပိုမိုအားဖြည့်ပေးရန် သဘောတူညီခဲ့ကြသည်။

ဂျပန်နှင့် အမေရိကန်တို့သည် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးမူဘောင်သဘောတူချက်များ တိုးမြှင့်ရေးအတွက် သြစတြေးလျနှင့် အိန္ဒိယတို့ ပါဝင်သော QUAD အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့သည် ဒေသတွင်း တရုတ်၏သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အတွက်ဖြစ်သည်။

QUAD သည် စစ်အေးခေတ်အတွေးအခေါ်ကို အခြေခံသည့် သီးခြားဆန်သည့် အုပ်စုဟု တရုတ်က ဝေဖန်ခဲ့သည်။

ဒေသတွင်း ပင်လယ်ပြင်တွင် တရုတ်နှင့် နယ်နိမိတ်ကိစ္စအငြင်းပွားမှုများ ပိုမိုပြင်းထန်လာချိန်တွင် ဂျပန်က ယင်း၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်ရန် ကြိုးပမ်းနေသည်။ တရုတ်က သယောက်ယွီဟု ခေါ်ပြီး ဂျပန်က ထိန်းချုပ်ထားသည့် စင်ကာကုကျွန်းများ၏ အနီးတဝိုက်ရေပြင်တွင် တရုတ်၏လှုပ်ရှားမှုများကို ဂျပန်က ပိုမိုစိုးရိမ်လာနေသည်။

ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိကိုယ်ကိုကာကွယ်ရန်အတွက် အင်အားအသုံးပြုမှုကို ကန့်သတ်ထားသော်လည်း၊ မကြာသေးမီနှစ်များအတွင်း ဂျပန်သည် ယင်း၏ စစ်ရေးအခန်းကဏ္ဍ၊ စွမ်းဆောင်နိုင်မှုနှင့် ဘတ်ဂျက်ကို တိုးချဲ့ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly