ဂျပန်အခြေစိုက် တရုတ်သမိုင်းပညာရှင်၏ သားက ဖမ်းဆီးခံထားရသည့် ဖခင်လွတ်မြောက်ရေး တောင်းဆို

By ANI
06 June 2021
ဂျပန်အခြေစိုက် တရုတ်သမိုင်းပညာရှင်၏ သားက ဖမ်းဆီးခံထားရသည့် ဖခင်လွတ်မြောက်ရေး တောင်းဆို

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ်တွင် စာသင်ကြားခဲ့ကာ သူလျှိုလုပ်ဆောင်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရုတ်အစိုးရက ဖမ်းဆီးခံခဲ့ရသည့် ထင်ရှားသည့် တရုတ်သမိုင်းပညာရှင်တစ်ဦး၏ အကြီးဆုံးသားဖြစ်သူက ဖခင်လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ကြောင်း Kyodo News သတင်းတွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးခံထားရသူသည် အသက် ၆၅ နှစ်အရွယ် တရုတ်သမိုင်းပညာရှင် ယန်ကေကျင်းဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ၎င်း၏သားဖြစ်သူ ယွမ်ချန်ကျိက ၎င်း၏ ဖခင်တွင် အပြစ်မရှိကြောင်း အမြန်ဆုံး အသိအမှတ်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောခဲ့သည်။

ဟိုကိုင်းဒိုးတက္ကသိုလ်၏ အရှေ့အာရှနိုင်ငံရေးသမိုင်းဌာန၏ ပါမောက္ခဟောင်းတစ်ဦးဖြစ်သူ ယန်ကေကျင်းကို သူလျှိုမှုဖြင့် တရုတ်အာဏာပိုင်များက လွန်ခဲ့သည့် ၂ နှစ်ကျော်ကပင် ဖမ်းဆီးခဲ့သည်။

“အဖေ့မှာ အပြစ်မရှိတာကို အမြန်ဆုံး သိရှိပြီး ဘေးကင်းကျန်းမာစွာနဲ့ လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ချန်ကျိက ပြောကြားသည်။

ယန်အား စွပ်စွဲ ဖမ်းဆီးရသည့် အကြောင်းရင်း အတိအကျကို တရုတ်အစိုးရက ပြောဆိုခဲ့ခြင်း မရှိကြောင်း သားဖြစ်သူက ပြောကြားသည်။ မေ ၉ ရက်က ရှေ့နေများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့စဉ် ယန်က သူလျှိုမှုဖြင့် စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

“အဖေတစ်ယောက်တည်း ဒုက္ခတွေနဲ့ ရင်မဆိုင်ရအောင် သူ့ဆီမှာ အပြစ်မရှိကြောင်း ဆက်လက်ကြိုးပမ်းသွားချင်ပါတယ်” ဟု သားဖြစ်သူက ပြောကြားသည်။

ယန်ကေကျင်းလွတ်မြောက်ရေးအတွက် ၎င်း၏ မိသားစုနှင့် မိတ်ဆွေများက မေတ္တာရပ်ခံချက်ကို တရုတ်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပယ်ချခဲ့သည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျာလိယန်က “နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ရှိသူကို ဥပဒေအရ အပြစ်ပေးရပါမယ်” ဟု ပြောကြားသည်။

ယန်ကေကျင်းကို တရုတ်နိုင်ငံ ယိလင်းပြည်နယ်တွင် ၁၉၅၅ ခုနှစ်က မွေးဖွားခဲ့ပြီး တိုကျိုမြို့ရှိ ဟိတိုဆူဘာရှီ တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို လေ့လာခဲ့ကာ ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသည်။

မိသားစု နာရေးတစ်ခုအတွက် ၂၀၁၉ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံကို ပြန်လာပြီးနောက် ထိုနှစ် ဇွန်လမှစ၍ ၎င်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ ၎င်းအား ဖမ်းဆီးထားကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နှစ် မတ်လက ကြေညာခဲ့သည်။ ယခုနှစ်ဧပြီလတွင် ၎င်းအား တရားစွဲဆိုခဲ့သည်။

ယန်အား ဖမ်းဆီးချိန်မှစ၍ တရုတ်နိုင်ငံမှ ပညာရှင်များက ၎င်းလွတ်မြောက်ရေးအတွက် လက်မှတ်များ စုဆောင်းကာ တရုတ်ကွန်မြူနစ်အစိုးရထံ တောင်းဆိုခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly