ထိုင်းတက်ကြွလှုပ်ရှားသူ အဓမ္မခေါ်ဆောင်သွားခံရတဲ့ တစ်နှစ်ပြည့်အဖြစ် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ပြုလုပ် 

ထိုင်းတက်ကြွလှုပ်ရှားသူ အဓမ္မခေါ်ဆောင်သွားခံရတဲ့ တစ်နှစ်ပြည့်အဖြစ် ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲ ပြုလုပ် 
Photo - AFP

ဇွန် ၅

ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခံရလို့ ပျောက်ဆုံးနေတာ တစ်နှစ်ပြည့်မြောက်အဖြစ် ဆန္ဒပြသူတွေဟာ ဇွန် ၄ ရက်နေ့က အောက်မေ့ဖွယ် ဖယောင်းတိုင် မီးထွန်းဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ 

ထိုင်းတက်ကြွလှုပ်ရှားသူ ဝန်ချလန်းဆတ်ဆာကစ်ဟာ ယမန်နှစ် ဇွန် ၄ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ လမ်းပေါ်မှာ နေ့ခင်းကြောင်တောင် ကားတစ်စီးထဲ အတင်းဆွဲသွင်း ခေါ်ဆောင်ခံရပြီး ဒီနောက်ပိုင်း သတင်းအစအန မကြားရတော့တာ ဖြစ်ပါတယ်။ 

ဝန်ချလန်းရဲ့ အစ်မဖြစ်သူ ဆစ်တာနန် ဦးဆောင်တဲ့ အခု အောက်မေ့ဖွယ် ဆုတောင်းပွဲမှာ ဝန်ချလန်းရဲ့ မျက်နှာပုံ ပုံတူကားချပ်တွေ တပ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ “အတင်းအဓမ္မ ကျူးလွန်၍ လူပျောက်ဆုံးခြင်းများ ရပ်”ဆိုတဲ့ စာတမ်းပုံအတိုင်း ဖယောင်းတိုင်မီးတွေ ထွန်းညှိကြပြီး ထိုင်းနိုင်ငံမှာ ဒီမိုကရေ တောင်းဆိုတဲ့ လှုပ်ရှားမှုရဲ့ သင်္ကေတအဖြစ် လက်သုံးချောင်း အလေးပြုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

ဝန်ချလန်း အဓမ္မ ခေါ်ဆောင်သွားခံရတာနဲ့ ပတ်သက်လို့ စုံစမ်းနေတယ်ဆိုပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား ရဲတွေက အခိုင်အမာ ပြောပေမယ့် ထူးခြားမှု တစ်စုံတစ်ရာ မရှိပေးပါ။ 

အစ်မဖြစ်သူ ဆစ်တာနန်ကတော့ သူ့မောင်ရဲ့ ဖြစ်ရပ်မှာ အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ နောက်ဆုံးအချိန်အထိ ရှာဖွေသွားမယ်လို့ သံန္ဒိဌာန်ချ ပြောဆိုပါတယ်။ 

ဝန်ချလန်းရဲ့ ဖြစ်စဉ်အရ ထိုင်းအာဏာပိုင်တွေဟာ သူတို့နဲ့ နိုင်ငံရေးသဘောထားကွဲသူတွေကို နယ်စပ်ကျော်ပြီးတောင် လိုက်လံလိုစိတ် ရှိနေတာကို တုန်လှုပ်ဖွယ်ရာ ပြသနေရာ ရောက်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

ပျောက်ဆုံးသွားချိန်မှာ အသက် ၃၂ နှစ်ရှိတဲ့ ဝန်ချလန်းဟာ အစိုးရဆန့်ကျင်ရေး ဖေ့ဘုတ်စာမျက်နှာ ဖွင့်ထားပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ဝေဖန်သရော်တဲ့ ဗီဒီယိုတွေ တင်တာကြောင့် ထိုင်းရဲတွေရဲ့ အလိုရှိခံစာရင်း ဝင်သူပဲ ဖြစ်ပါတယ်။ 

မောင် ပျောက်ဆုံးမှုမှာ ထိုင်းအာဏာပိုင်တွေဆီက အကူအညီ မယ်မယ်ရရ မရတာကြောင့် မချင့်မရဲဖြစ်ရပေမယ့် အစ်မဖြစ်သူ ဆစ်တာနန်ဟာ မောင်ဖြစ်သူ ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့နေရသလဲဆိုတာ ရှာဖွေဖော်ထုတ်သွားဖို့ သူ့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကတော့ မှေးမှိန်မသွားခဲ့ပါ။ 

“ဝန်ချလန်းရဲ့ အမှုဟာ သူလိုပဲ ပျောက်ဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေက တရားမျှတမှုအတွက် မတောင်းဆိုခဲ့ကြသလိုမျိုးပဲ ဖြစ်ခဲ့ရင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရမယ့် အမှုဖြစ်သွားမယ်လို့ ကျွန်မ ထင်တယ်၊ ဒါကြောင့် ကျွန်မကတော့ ဒီလို စုန်းစမြုပ်စ ပျောက်သွားမှာမျိုး အဖြစ်မခံဘူး”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly