ဟွာဝေနှင့် ဆက်နွယ်သည့် တရုတ် သူလျှိုလုပ်မှု အမှုကိစ္စကို ပိုလန်နိုင်ငံတွင် စတင်ကြားနာစစ်ဆေး

ဟွာဝေနှင့် ဆက်နွယ်သည့် တရုတ် သူလျှိုလုပ်မှု အမှုကိစ္စကို ပိုလန်နိုင်ငံတွင် စတင်ကြားနာစစ်ဆေး
Photo: EPA

ပိုလန် ထောက်လှမ်းရေးအေးဂျင့်ဟောင်းတစ်ဦးနှင့် ဟွာဝေကုမ္ပဏီ၏ ၀န်ထမ်းဟောင်းတစ်ဦးတို့ ပါ၀င်ပတ်သက်နေသော သူလျှိုမှုဆိုင်ရာ ကြားနာစစ်ဆေးမှုတစ်ခုကို ဇွန်လ ၁ ရက်က ပိုလန်နိုင်ငံ ၀ါဆောမြို့ တရားရုံးတစ်ခု၌ စတင်လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် ဥရောပနိုင်ငံတစ်ချို့သည် ယင်းတို့၏ 5G တယ်လီကွန်း ကွန်ရက်များတွင် တရုတ် ဟွာဝေ နည်းပညာလုပ်ငန်းစု၏ နည်းပညာတပ်ဆင်ပစ္စည်းများကို ဖယ်ထုတ်မည်လား ဆိုသည်နှင့်ပတ်သက်ပြီး စဉ်းစားသုံးသပ်နေကြသည်။

ပိုလန် အာဏာပိုင်များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် အမျိုးသားနှစ်ဦးကို တရုတ်အတွက် သူလျှိုလုပ်ပေးမှု သံသယဖြင့် ဖမ်းဆီးခဲ့သည်။ ဆက်သွယ်ရေး ကွန်ရက်များတွင် ဟွာဝေ တပ်ဆင်ပစ္စည်းများ အသုံးပြုခြင်း၏ ဖြစ်နိုင်ခြေရှိ လုံခြုံရေး အန္တရာယ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဆွေးနွေးငြင်းခုံမှုတစ်ရပ်ကို အထက်ပါဖမ်းဆီးမှုဖြစ်စဉ်က အရှိန်မြင့်တက်ထားစေခဲ့သည်။

ယင်း၏ နည်းပညာတပ်ဆင်ပစ္စည်း အစိတ်အပိုင်းများကို ပေကျင်းရှိ အာဏာပိုင်များက သူလျှိုလုပ်မှုအတွက် အသုံးပြုနိုင်သည်ဆိုသည့် အချက်ကို ဟွာဝေက ထပ်တလဲလဲ ငြင်းဆန်ထားခဲ့သည်။ သို့သော် ဟွာဝေအပေါ် ပိတ်ပင်ရန်အတွက် အမေရိကန်က အခြားနိုင်ငံများကို ဖိအားပေးထားခဲ့သည်။ ဥ‌ရောပတွင် လက်ရှိအချိန်အထိ ဟွာဝေအပေါ် ပိတ်ပင်မှု လုပ်ထားသည့် နိုင်ငံများအဖြစ် ဗြိတိန်နှင့် ဆွီဒင်တို့သာ ရှိနေသေးသည်။

အသက် ၃၉ နှစ်ရှိ ၀မ် ဝေကျင်း ဆိုသူ အမျိုးသားသည် ဟွာဝေ အလုပ်အမှုဆောင်တစ်ဦး ဖြစ်ခြင်းကို ဗန်းပြလျက်ဖြင့် ပိုလန်အစိုးရအပေါ် သြဇာသက်ရောက်စေနိုင်မည့် ကုမ္ပဏီ၏ လုပ်နိုင်စွမ်းကို ထောက်ကူပံ့ပိုးရန်နှင့် နိုင်ငံ၊ နည်းပညာ အခြေခံအဆောက်အအုံကို စီမံခန့်ခွဲနိုင်စွမ်း ရှိစေရန် ကြိုးစားရင်း တရုတ်အတွက် ခုနစ်နှစ်ကျော်ကြာ သူလျှိုလုပ်ပေးထားခဲ့ကြောင်း ပိုလန် အစိုးရရှေ့နေများက စွပ်စွဲထားသည်ဟု တရားရုံး စာရွက်စာတမ်းများက ပြသနေသည်။

ဖမ်းဆီးခံရပြီးနောက်ပိုင်း အကျဥ်းချခံထားရသည့် ၀မ် သည် ပိုလန်ထောက်လှမ်းရေး အေးဂျင့်ဟောင်းတစ်ဦးကို စည်းရုံးထားခဲ့မှုဖြင့်လည်း တရားစွဲခံထားရသည်။ အဆိုပါ အေးဂျင့်ဟောင်းသည် နိုင်ငံ၏ ကယ်ဆယ်ရေးနှင့် အများပြည်သူ ဘေးကင်းရေး ၀န်ဆောင်မှု ရေဒီယိုကွန်ရက်များကို သြဇာလွှမ်းနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ၀မ်ကို သတင်းပေးပြောဆိုခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။

ပိုလန် တရားခံဖြစ်သည့် ပိုင်အိုတာ ဒီ သည် အစိုးရ၏ ရာထူးမြင့်လူကြီးအသိုင်းအ၀ိုင်းတွင် နှစ်များစွာနှင့်ကြာ အလုပ်လုပ်ပေးထားခဲ့ပြီး ၎င်းသည် ၎င်းကိုယ်တိုင် အများပြည်သူ စီမံခန့်ခွဲရေးနှင့်စပ်လျင်းသည့် သတင်းအချက်အလက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးအဖြစ် လုပ်‌ဆောင်မည်ဟု ကမ်းလှမ်းပြောဆိုခဲ့ကြောင်း စွပ်စွဲခံထားရသည်။

အဆိုပါ အမျိုးသားနှစ်ဦးစလုံးက ၎င်းတို့အနေဖြင့် အမှားမလုပ်ထားဟု ခုခံပြောဆိုထားသည်။

ပိုင်အိုတာ ဒီသည် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးအဖြစ်လည်း အလုပ်လုပ်ခဲ့သည်ဟု သိရသည်။ ၀ါဆော စစ်ဘက်တက္ကသိုလ်က ဖန်တီးထားသော ဖိုက်ဘာအော့ပ်တစ် ဆက်သွယ်‌ရေးကွန်ရက်များကနေတဆင့် ပေးပို့သည့် လုံခြုံရေးအဆင့်သတ်မှတ်ထားသည့် အချက်အလက်များကို ပြင်ပကျူးကျော်သူများ

၀င်ကြည့်ခြင်းကနေ ကာကွယ်သည့် စောင့်ကြည့်စစ်ဆေးမှုစနစ်တစ်ခုကိုလည်း ပိုင်အိုတာ ဒီက ၀မ်အား အသိပေးပြောပြခဲ့သည်ဟု အစိုးရရှေ့နေများက ပြောသည်။ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ပိုင်အိုတာ ဒီသည် ပုဂ္ဂိုလ်ရေးသီးသန့်တည်ရှိမှု စည်းမျဥ်းများအောက်တွင် ၎င်း၏ နောက်ဆုံးအမည်ကို ထိမ်ချန်ထားရန် ပန်ကြားထားခဲ့သည်။

၀မ်၏ ရှေ့နေဖြစ်သည့် ဘာ့တ်လိုမီး ဂျန်ကိုးစကီးက ပြောကြားရာတွင် ၎င်း၏ အမှုသည်ဘက်က သူလျှိုလုပ်မှု ကျူးလွန်ထားသည်ဆိုသည်နှင့်ပတ်သက်ပြီး အစိုးရရှေ့နေများတွင် သက်သေအထောက်အထား မရှိကြောင်း ပြောခဲ့သည်။

“ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ လုပ်ဆောင်ချက်တစ်ခုခုနဲ့ပတ်သက်လို့ သက်သေအထောက်အထား ဘာမှ မရှိပါဘူး” ဟု ၎င်းက ရိုက်တာကို ပြောသည်။

ယင်းဖြစ်စဥ်တွင် ဟွာဝေ ကုမ္ပဏီသည် ၀မ် ဖမ်းဆီးခံရပြီးနောက်ပိုင်း ၎င်းအား အလုပ်မှ ထုတ်ပယ်ထားခဲ့သော်လည်း ၎င်း၏ ဥပဒေဆိုင်ရာ အခကြေးငွေများကို ကူညီထောက်ပံ့ပေးထားခဲ့သည်။ ဟွာဝေက ပြီးခဲ့သည့်လက ရိုက်တာကို ပြောကြားသည့် ထုတ်ပြန်ချက်တစ်စောင်တွင် ယင်းကုမ္ပဏီ၏ လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုဆိုင်ရာ အမြင့်မားဆုံး စံနှုန်းများနှင့် ညီညွတ်မှုရှိကြောင်းနှင့် ယင်းအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြောင်း ပြောသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly