ဆီယာလီယွန်တွင် တရုတ်၏ ငါးဖမ်းဆိပ်ကမ်းတည်ဆောက်မည့် အစီအစဉ်အား ပြင်းထန်စွာ ဝေဖန်

ဆီယာလီယွန်တွင် တရုတ်၏ ငါးဖမ်းဆိပ်ကမ်းတည်ဆောက်မည့် အစီအစဉ်အား ပြင်းထန်စွာ ဝေဖန်

ဆီယာလီယွန်နိုင်ငံတွင် တရုတ်က ငါးဖမ်းဆိပ်ကမ်း တည်ဆောက်မည့် အစီအစဉ်အပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများနှင့် မြေပိုင်ရှင်များက ပြင်းထန်စွာ ဝေဖန်နေပြီး လူသားနှင့် ဂေဟစနစ်အတွက် ဘေးအန္တရာယ်ဆိုးကြီးဟု သတ်မှတ်ခေါ်ဝေါ်နေကြသည်။

ဒေသခံများက စီမံကိန်းသည် သဘာဝအတိုင်းရှိနေသည့် မိုးသစ်တောများကိုဖျက်ဆီးလိမ့်မည်ဖြစ်သလို ငါးကောင်ရေ လျော့ကျခြင်း၊ ငါးမွေးသည့်နေရာများနှင့် အဏ္ဏဝါဂေဟစနစ်များကို ညစ်ညမ်းစေလိမ့်မည်ဟု ဆိုကြသည်။

ဆီယာလီယွန် ငါးလုပ်ငန်းဝန်ကြီးဌာနက သဘောတူညီချက်ကို အတည်ပြုပြောကြားသော်လည်း ယင်းမြေကို ငါးအစာစက်ရုံတစ်ရုံတည်ဆောက်ရန် အသုံးပြုမှာ မဟုတ်ကြောင်း ငြင်းချက်ထုတ်လိုက်ပြီး ငါးတင်ပို့မှုအတွက်သာ အသုံးပြုမည်ဟု ဆိုသည်။

နေရာရွှေ့ပြောင်းခံရသူများအား လျော်ကြေးပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကို လျာထားကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တရုတ်က မြေဧက ၂၅၀ ဝယ်ယူခဲ့ပြီး ယင်းက လူများကို ရွေ့ပြောင်းနေရာချခြင်းနှင့် ဂေဟစနစ်ကို ဖျက်ဆီးပစ်မည်ဟု စွပ်စွဲချက်များကိုလည်း တရုတ်က စီမံကိန်းအတွက် ခုခံပြောဆိုခဲ့သည်။

ဖရီးတောင်းမြို့ရှိ တရုတ်သံရုံးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာအန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမှာ အခြေအမြစ်မရှိကြောင်းနှင့် စီမံကိန်းကို ဆီယာလီယွန်က ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံရုံး၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် သူကျီကျန်းက Black Johnson ဟု လူသိများသည့် နေရာရှိ ယင်းစီမံကိန်းသည် ဆီယာလီယွန်၏ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ စီမံကိန်းမှာ ငါးအစားအစာစက်ရုံထက် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း သူက အလေးထားပြောကြားခဲ့သည်။

“ ဆီယာလီယွန်နိုင်ငံက မြေဧက ၂၅၀ ကို တရုတ်ကိုရောင်းလိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က အခြေအမြစ်မရှိဘူး” ဟု သူက ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကို ဂရုမစိုက်ကြောင်းနှင့် ဂေဟစနစ်ကို ဖျက်ဆီးနေသည်ဟူသော စွပ်စွဲပြောဆိုမှုများသည် စိတ်ကူးယဉ်ဆန်ပြီး ထင်မြင်ယူဆချက်များသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required