ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန် ထိုင်းမှာ အကျဉ်းသားတွေကို ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့် လုပ်ဆောင်

ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန် ထိုင်းမှာ အကျဉ်းသားတွေကို ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့် လုပ်ဆောင်
Photo - AFP

ဇွန် ၄

ထိုင်းနိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲရှိ ထောင်သားတွေအကြား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူသစ် တွေ့ရှိမှုဟာ ၂၇,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက် ယင်းနိုင်ငံရဲ့ တရားရေး၀န်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ဟာ အကျဉ်းသားတွေကို ကာကွယ်‌‌ဆေးထိုးနှံဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်တင် လုပ်ဆောင်လျက် ရှိပါတယ်။

ဆိုင်နိုဗက် ကာကွယ်ဆေးတွေကို သုံးပြီးတော့ သုံးရက်အတွင်း အကျဥ်းသား ၆,၅၁၅ ဦးအထိကို ကာကွယ်ဆေး ထိုးပေးဖို့ ၀န်ကြီးဌာနဘက်က ရည်မှန်းထားတယ်လို့ တရားရေး၀န်ကြီး ဆွန်ဆက် သက်ဆုတင်က ပြောပါတယ်။

နိုင်ငံရဲ့ လူပြည့်သိပ်နေတဲ့ အကျဉ်းထောင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်နေခဲ့တဲ့နောက် ထိုင်းအာဏာပိုင်တွေဟာ ယခုအခါမှာ နာတာရှည်ရောဂါ အခံရှိတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်ကာလမစေ့မီ အဆောတလျင် ပြန်လွှတ်ပေးမယ့် အစီအစဉ်တွေကို ထုတ်ဖော်ထားခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ် စစ်ဆေးမှုနဲ့ ဆေး၀ါးကုသစောင့်ရှောက်မှုတွေ ပိုမို လုပ်ဆောင်နိုင်ဖို့ ငွေကြေးထောက်ပံ့မယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း အကျဉ်းထောင်ထဲ ရှိနေသူတွေဟာဆိုရင် လက်ရှိအချိန်မှာ ကိုဗစ် ကူးစက်ဖြစ်ပွားမှုရဲ့ ကြီးလေးမှု အတိုင်းအတာကို မသိရှိဘဲဖြစ်နေတယ်လို့ အကျဉ်းသားဟောင်းတွေက ပြောကြပါတယ်။

“အကျဉ်းသားတွေဟာ ဒီဗိုင်းရပ်စ် ကူးစက်မခံရအောင် သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို သေချာသိပ်မသိကြပါဘူး” လို့ နိုင်ငံရဲ့ ပြင်းထန်တဲ့ တော်၀င်အသရေဖျက်မှုဥပဒေတွေအောက်မှာ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူ ဆွန်ယော့ခ် ပရူဆက်ဆမ်ဆွတ်ခ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly