စစ်အုပ်စုကို အသက်ပေးကာကွယ်နေတဲ့ အရပ်သားအုပ်ကြီးများ

စစ်အုပ်စုကို အသက်ပေးကာကွယ်နေတဲ့ အရပ်သားအုပ်ကြီးများ

ဇွန် ၃

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးလက်အောက်မှာ ပြန်ထားလိုက်ပါတယ်။ ဒါဟာ စစ်အုပ်စုယန္တရား အသက်သွင်းရေးအတွက် အရေးပါတဲ့ အောက်ခြေအဆင့် အုပ်ချုပ်ရေးဌာနကို ရယူသိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

NLD အစိုးရလက်ထက် ပြည်သူကို အနီးကပ်ဝန်ဆောင်မှုပေးဖို့နဲ့ လာဘ်စားမှုတွေ ကိုင်တွယ်နိုင်ဖို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုလက်အောက်ကို ပြန်ထားလိုက်တာ လည်း ဖြစ်ပါတယ်။ 

ထွေအုပ်ဆိုတာ မိုးကျရွှေကိုယ်တွေ

ထွေအုပ်ဆိုတာ စည်ပင်နဲ့အတူ လူထုကို အနီးကပ်ဆုံး ဝန်ဆောင်မှုပေးရတဲ့ အဖွဲ့အစည်းပါ။ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀၆၅၊ ကျေးရွာအုပ်စု ၁၃၆၁၉ နဲ့ ကျေးရွာပေါင်း ၇၀၅၆၀ ရှိပါတယ်။ ဒီထဲမှာ ကျေးရွာအုပ်စုဟာ ရပ်ကွက်တွေနဲ့ အဆင့်တူဖြစ်ပြီး အဆင့်တိုင်းမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ထားပါတယ်။ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာတိုင်းမှာ အုပ်ချုပ်ရေးမှူးတွေ ရှိသလို အခြားအဆင့် ထွေအုပ်ဝန်ထမ်းတွေ လည်း ရှိပါတယ်။ 

ထွေအုပ်ဟာ အရင်က စစ်အုပ်စုလက်အောက် ပြည်ထဲရေးဌာန လက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေဟာ တပ်ဘက်က ပြောင်းလာသူတွေ ဖြစ်ပါတယ်။ အောက်ခြေအဆင့် အုပ်ချုပ်ရေးယန္တရားကို ထိန်းထား နိုင်ဖို့နဲ့ မြေပြင်သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ စစ်ဘက်ကနေ အရပ်ဘက်ပြောင်းပြီး တပ်ဘက်က လူတွေကို သွတ်သွင်းထားတာ ဖြစ်ပါတယ်။ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေမှာ အများစုကတော့ ထွေအုပ်ဝန်ထမ်းအဆင့်ကနေ တက်လာသူတွေ များပေ မယ့် ဒီလူတွေဟာလည်း စစ်အုပ်စုထောက်ခံသူတွေသာ များပါတယ်။ စစ်အစိုးရနဲ့ ဦးသိန်းစိန် လက်ထက်အထိ ရာထူးကြီး အုပ်ချုပ်ရေးမှူးနေရာတွေမှာ သူတို့နဲ့ နီးစပ်သူ၊ တပ်ဘက်က ပြောင်းလာသူတွေကိုသာ အဓိကထား ခန့်အပ်ထားခဲ့ပြီး NLD အစိုးရလက်ထက်မှာလည်း ဒီလူတွေဟာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

NLD အစိုးရက ထွေအုပ်ဌာနကို ပြည်ထဲရေးလက်အောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက် ပြောင်းရွှေ့ခဲ့ပြီးနောက် အောက်ဆုံးအဆင့် ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေရာတွေမှာ အရပ်သားတွေ နေရာရလာတာ ဖြစ်ပါတယ်။ 

အောက်ခြေယန္တရားကို စကိုင်တဲ့ စစ်အုပ်စု

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ ပေးလိုက်ရတဲ့ ထွေအုပ်ဌာနကို ပြည်ထဲရေး လက်အောက် ပြန်ထည့်လိုက်ပါတယ်။  အာဏာသိမ်းပြီးနောက်ပိုင်း အောက်ခြေအဆင့် ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာတွေက အရပ်သားအုပ်ချုပ်ရေးမှူးတွေဟာ စစ်အုပ် စုလက်အောက် ဆက်မလုပ်လိုတော့တာကြောင့် အနားယူကုန်ကြပါတယ်။ ဒါကြောင့် စစ်အုပ်စုက အုပ်ချုပ်ရေးယန္တရားတည် ဆောက်ဖို့အတွက် အနားယူကုန်တဲ့ အုပ်ချုပ်ရေးမှူးတွေကို စည်းရုံးတာတွေ လုပ်သလို သူတို့နဲ့ နီးစပ်သူတွေကို အစားထိုး ခန့်အပ်ခဲ့ ပါတယ်။ 

နီးစပ်တဲ့သူတွေဆိုတာဟာလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာတွေက စစ်ကျောထောက်နောက်ခံ ပါတီတွေနဲ့ စစ်တပ်နဲ့ နီးစပ်သူတွေ ဖြစ်သလို စစ်တပ်က အငြိမ်းစားယူထားတဲ့သူတွေပါ ပါဝင်ပါတယ်။ ဒီလူတွေကတစ်ဆင့် စစ်အုပ်စုကို တော် လှန်နေတဲ့သူတွေရဲ့ သတင်းအချက်အလက်တွေ ရယူပြီး ဖမ်းဆီးတာတွေကို လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အောက်ခြေအဆင့် အုပ်ချုပ်ရေးရုံးတွေကို ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ 

အုပ်ကြီးတို့အတွက် ပြင်းထန်တဲ့ တုံ့ပြန်မှု

စစ်အုပ်စုက အောက်ခြေအုပ်ချုပ်ရေးယန္တရားတွေ စတင်နိုင်ဖို့ ထွေအုပ်ရုံးတွေ ပြန်ဖွင့်ဖို့ ကြိုးစားပေမယ့် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ လူထုက စစ်အုပ်စုလက်အောက် အလုပ်လုပ်မယ့် အုပ်ချုပ်ရေးမှူးမှန်သမျှကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရုံးတွေကို သော့ခတ် ပစ်တာ၊ ရုံးလာဖွင့်ရင် ဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်အုပ်စုဘက်က လက်နက်ကိုင်လုံခြုံရေးတွေနဲ့ ရုံးဖွင့်ဖို့ ကြိုးစား ခဲ့သလို ရုံးထိုင်မယ့်သူမရှိရင် စစ်တပ်က ရုံးထိုင်မယ်လို့ ကြေညာတာတွေ လုပ်ခဲ့ပါတယ်။ ဒီ့နောက်ပိုင်း ထွေအုပ်ရုံးတွေအပြင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ ကံဆိုးမိုးမှောင် ကျလာပါတော့တယ်။ 

ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ နေ့ခင်းကြောင်တောင်မှာတောင် မြို့နယ်ထွေအုပ်ရုံးထဲ ဗုံးပစ်ထည့်ခဲ့သလို လမ်းမတော်မှာ လမ်းပေါ်တင် ခေါင်းကို သေနတ်နဲ့ ပစ်ပြီး လမ်းလယ်ခေါင် ပစ်ထားခဲ့တဲ့အထိ တုံ့ပြန်ခဲ့ပါတယ်။ သာကေတမှာ နေ့ခင်းကြောင်တောင် ဓားနဲ့ ဝင်ခုတ်သလို လှိုင်သာယာမှာလည်း စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရလို့ လမ်းတင် အသက်ထွက်သွားခဲ့ရပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး လေးဦး ပစ်သတ်ခံရသလို စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ရွှေပေါက်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးအပြင် သမီးအပြင် မြေးပါ အသတ်ခံခဲ့ရပါတယ်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးရင်း ဓားနဲ့ ထိုးခံရသလို အသက်ပေးခဲ့ရသလို စစ်ကိုင်း၊ ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးလည်း ဘယ်သူလက်ချက်မှန်းမသိ ခေါင်းပြတ် သေဆုံးခဲ့ပါတယ်။ 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ထဲက ကျေးရွာအချို့မှာလည်း စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးအိမ်တွေကို တူမီးနဲ့ ပစ်တာ၊ အသံဗုံးနဲ့ ပစ်ခတ်သတိပေးတာတွေ တောက်လျောက် ဖြစ်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရာဇဂြိုဟ်မှာဆိုရင် ဘောလုံးပွဲကြည့် လူငယ်တွေကို လက်တို့သတင်းပေးပြီး ဖမ်းခိုင်းတဲ့ အုပ်ချုပ်ရေးမှူးဟာ  မျက်နှာဖုံးစွပ် လူ ၂၀ ခန့်က လာဖမ်းသွားပြီး နောက် နှစ်ရက်အကြာမှာပဲ ဓားဒဏ်ရာနဲ့ သေဆုံးခဲ့ရပါတယ်။ 

ဒလန်များ သတိထား

နိုင်ငံအနှံ့မှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို သတိပေးစာတွေ ပလူပျံအောင်လည်း ထွက်နေပါတယ်။ ရန်ကုန်မှာဆိုရင် "ရန်ကုန် မြို့တွင်းမှ ဒလံများအားလုံး သိစေရန်" ခေါင်းစဉ်နဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ၊ လမ်းမှူးများ၊ လောက်ကောင်ဘက်တော်သား လက်ပါးစေများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စာရင်းအတိအကျနှင့် ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် ပထမဆုံးနှင့် နောက်ဆုံးအနေဖြင့် ရာဇသံပေးလိုက်သည်။ ရန်ကုန်မြို့အတွင်း မြို့တော်သန့်ရှင်းရေးလုပ်ငန်းများကို အမြန်ဆုံး ဆေငာ်ရွက်တော့မည် ဖြစ်သည်။ ထို့ကြောင့် ဤစာကို လက်ခံရရှိချိန်မှစ၍ မိမိ၏ လုပ်ရပ်အမှားများကို ရပ်တန့်က ရပ်၍ ရှောင်ပြေးပါ၊ မိမိ၏ မိသားစုဝင်များကို တစ်ပါတည်း ခေါ်ဆောင်သွားပါ၊ မလိုက်နာပါ မိမိ၏ မိသားစုဝင်အတွင်း ကလေး၊ လူကြီး၊ ကျား/မ မရွေး၊ ကိုယ်ဝန်သည်နှင့် အိမ်နီးချင်းများပါမကျန် အသက်အန္တရာယ် ကျရောက်မည် ဖြစ်သည်။ နေ့ရက်တိုင်းဟာ မင်းတို့ရဲ့ နောက်ဆုံးနေ့ ဖြစ်တယ်" ဟု ကြေညာထားသည်။ 

ထို့ပြင် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် ဒလန်များ ရှင်းလင်းရေးလုပ်ဆောင်မည်ဟု ကြေညာထားချက်များ ရှိသည်။ 

လုံခြုံရေးအပြည့်နဲ့ မိုးကျရွှေကိုယ် အုပ်ကြီးများ

အမည်မသိနဲ့ အဖွဲ့မသိသူတွေကြောင့် နိုင်ငံနေရာအနှံ့မှာ ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ မိသားစုဝင်တွေ သေဆုံး၊ ခြိမ်းခြောက်ခံနေရချိန်မှာ မြို့နယ်အဆင့်နဲ့အထက် အုပ်ချုပ်ရေးမှူးတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးရတဲ့သတင်းတွေ မရှိသေးပါဘူး။ ဒီအဆင့် အုပ်ချုပ်ရေးမှူး အများစုဟာ တပ်ဘက်က ကူးပြောင်းလာသူတွေ ဖြစ်သလို သွားလာလှုပ်ရှား ရာမှာလည်း ရဲနဲ့ စစ်တပ်က လုံခြုံရေး အပြည့်ပေးထားတာကြောင့် ဖြစ်ပါတယ်။ 

မြို့နယ်အတွင်း လှည့်လည်ရင်တောင် အနည်းဆုံး စစ်ကား သို့မဟုတ် ရဲကား တစ်စီး၊ အင်အားအပြည့်နဲ့ သွားလာသလို သူတို့ ရုံးထိုင်တဲ့ ထွေအုပ်ရုံးတွေကိုလည်း ရှေ့တန်းစစ်စခန်းလို လုံခြုံရေးအပြည့်၊ အကာအရံအပြည့်နဲ့ ဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စု လုပ်နေကြ ပုံစံဖြစ်ပြီး စစ်အုပ်စု အာဏာရရေးအတွက် ရှေ့တန်းစစ်မျက်နှာက စစ်သားတွေ အသက်ပေးရတဲ့ပုံစံပါပဲ။ 

ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာထဲက စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သတင်းတွေကို အဲဒီအဆင့် အုပ်ချုပ်ရေးမှူးတွေက ရယူပေးပြီး လက်နက်ကိုင်အင်အားအပြည့်နဲ့ ဖမ်းဆီးတာတွေကို မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ စစ်အုပ်စုလက်နက်ကိုင်တွေက လုပ် ဆောင်ရပါတယ်။ သတင်းပေးလို့ အသက်ပေးရရင် မြို့နယ်အဆင့်အောက် အုပ်ချုပ်ရေးမှူးတွေပဲ ဖြစ်နေပြီး ဖမ်းပြလို့ နာမည်ကောင်း ယူ ရာထူးတက်ရင်တော့ မြို့နယ်အဆင့်အထက် အုပ်ချုပ်ရေးမှူးတွေပဲ ဖြစ်နေပါတယ်။ 

ပျူစောထီးဆိုတဲ့ လက်ပါးစေ

အခုဆိုရင် မြို့နယ်ထွေအုပ်တွေ စီမံခန့်ခွဲမှုအောက်မှာ အဖျက်အမှောင့်လုပ်မယ့် ပျူစောထီးတပ်ဖွဲ့တွေလည်း ရှိနေပါပြီ။ ဒီတစ်ဖွဲ့တွေ ဟာ NLD ပါတီဝင်တွေနဲ့ ဝန်းရံထောက်ခံသူတွေ၊ စစ်အုပ်စုဆန့်ကျင်ရေးအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလူတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်ရပါတယ်ဆိုတာကို ပုံဖျက်တိုက်ခိုက်ဖို့ ဖောက်ခွဲမှုတွေကိုလည်း လုပ်ဆောင် ကြတဲ့နေရာမှာ ကိုယ့်တပ် ကိုယ်ချနင်း ဆိုတဲ့စကားအတိုင်း ရပ်ကွက်/ကျေးရွာအုပ်စု/ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာလည်း သူတို့ရဲ့ ပစ်မှတ်ထဲ ပါဝင်လာနေပါတယ်။ 

ဘာကြောင့် ဒီအဆင့်အုပ်ချုပ်ရေးမှူးတွေ ပါရသလဲဆိုရင် သူတို့ကို တိုက်ရိုက်ကိုင်တွယ်တာ ဟာ မြို့နယ်အဆင့်နဲ့ အထက် အုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်ကွပ်ကဲနေတာဖြစ်ပြီး စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ ထိခိုက်မှု ရှိရင် NLD နဲ့ စစ်အုပ်စုဆန့်ကျင်ရေးအင်အားစုကို အပြစ်ပုံချပြီး အကြမ်းဖက်တံဆိပ်ကပ် ပုံဖျက်နိုင်တာကြောင့် ဖြစ်ပါတယ်။ 

သတင်းအတွက် ကိုယ့်အသက် ဖြစ်နေပြီလား

ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးတင် မကပါဘူး။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေဟာ စစ်အုပ်စု သက်ဆိုးရှည်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ခွေးသွားစိတ်တွေလို ပေးဆပ်နေကြပါတယ်။ စစ်အုပ်စုက ပေးတဲ့ မဆိုသလောက် လုပ်ပိုင်ခွင့်ကို မက် မောပြီး ပြည်သူကို အာခံတဲ့အတွက် တစ်ဖက်မှာ အသက်ပေးကြ ရသူတွေလည်း ဒုနဲ့ ဒေး ဖြစ်လာနေပါပြီ။ သတင်းပေးလို့ အသက် ပေးလိုက်ရသူတွေကို နမူနာယူပြီး ကျန်တဲ့ မြို့နယ်အဆင့်အောက် အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေးကို စစ်အုပ်စုက အာမခံ ပေးမထား ပါဘူး။ သတင်းပေးလို့ သေချင် သေပါ့စေ … စစ်အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးသာ အဓိက ဆိုပြီး သေခိုင်း၊ ကြေခိုင်းနေတုန်း ပါပဲ။ တစ်ဖက်မှာ စစ်အုပ်စုဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အောက်ခြေသတင်းအချက်အလက် မပေါက်ကြားစေဖို့အတွက် အနီးကပ်ဆုံး ဒလန်တွေကို ရှင်းထုတ်နေပါပြီ။ 

ဒါကြောင့် စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အသက်ပေးပြီး သတင်းပေးဖို့ ထိုက်တန်ရဲ့လားဆိုတာ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အစွန်အဖျား ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ ပြန်စဉ်းစားကြဖို့ လိုပါပြီ။ စစ်အုပ်စုကို ပြည်သူနှင့်အတူ ရပ်တည်တော်လှန်ရင်း အောင်ပွဲခံမလား၊ စစ်အုပ်စုကို သတင်းပေးပြီး အသေခံမလားဆိုတာ စဉ်းစားကြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required