ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုနှင့် တရုတ်စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရ

ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုနှင့် တရုတ်စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရ

ကမ္ဘာ့အကြီးဆုံး စစ်တပ်တစ်ခုဖြစ်သလို နှစ်စဉ် တပ်သားသစ် သိန်းချီ လိုအပ်သော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ယခုအခါ နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်းနှင့် အိုမင်းရင့်ရော်မှုဆိုင်ရာ ပိုမိုကြီးမားကျယ်ပြန့်လာသော ပြဿနာရပ်များ၏ ရိုက်ခတ်မှုကို ခံထားရပြီး ယင်းတို့ကို တုံ့ပြန်ရန် ကြိုးပမ်းထားခဲ့သည်။

PLA ၏ ခေတ်မီအောင် တည်ဆောင်မှုပိုင်း အရှိန်ရလာမှု အနေအထားအရ ယင်း၏ နည်းပြဆရာများနှင့် လူသစ်စုဆောင်းသူများအနေဖြင့် အသစ်၀င်လာသည့် တပ်သားသစ်တစ်ဦးကို မည်ကဲ့သို့ လေ့ကျင့်သင်ကြားပေးရမလဲ ဆိုသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း အသုံးချခဲ့တဲ့ တင်းကျပ်ပြီး တရားသေစွဲတဲ့ လေ့ကျင့်ရေးနည်းလမ်းပုံစံတွေက ၂၁ ရာစုမှာ မွေးတဲ့ ငယ်ရွယ်တဲ့ စစ်သားတွေအတွက် အလုပ်မဖြစ်ဘူးဆိုတာကို စစ်တပ် နည်းပြဆရာတွေက သိရှိထားခဲ့ပါတယ်” ဟု ပေကျင်းအခြေစိုက် ယွမ်၀မ် စစ်ဘက်သိပ္ပံနဲ့နည်းပညာ အကြံပေးအဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် ကျိုး ချန်မင်က ပြောသည်။

“တစ်ချို့ဆိုရင် သူတို့ စိတ်ညစ်နေတဲ့အချိန်မှာ သူတို့ရဲ့ အထက်လူကြီးကိုတောင် ပြန်လှန် စိန်ခေါ်ဖို့ ၀န်မလေးတော့တာမျိုး ဖြစ်နေပါတယ်၊ စစ်တပ်ဟာ အခြေအနေကို မဖြစ်မနေ ကိုက်ညှိပြုပြင်နေခဲ့ရပါတယ်၊ တစ်ချို့ စစ်ဘက် နည်းပြဆရာတွေဆိုရင် ငယ်ရွယ်တဲ့ မျိုးဆက်တွေကို ဘယ်လို ထိန်းကျောင်းမလဲ ဆိုတာနဲ့ပတ်သက်လို့ စိတ်ရှုပ်နေဆဲပဲ လို့ ကျွန်တော့်ကို ပြောပါတယ်”

အမိန့်ပေးခြင်းများနှင့် ဆူပူကြိမ်းမောင်းခြင်းတို့ကိုပဲ လုပ်ဆောင်ခြင်းထက် စိတ်ဖိစီးမှုကို ပြေလျော့စေရန် ရည်ရွယ်ပြီး၂၀၁၁ ခုနှစ်နောက်ပိုင်း ပရောဖက်ရှင်နယ် စိတ်ကုထုံးဆရာများ သင်ကြားပေးသည့် ကုထုံးသင်တန်းများကိုလည်း ပို့ချပေးခဲ့ကြောင်း စစ်တပ်၏ အာဘော်သတင်းဆိုဒ်ဖြစ်သည့် The PLA Daily က ဖော်ပြသည်။

ယင်းက သက်လတ်ပိုင်းအရွယ် နည်းပြဆရာများနှင့် စီနီယာခေါင်းဆောင်များကို မျိုးဆက်သစ်များနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန် ကူညီပေးနိုင်သလို ကွန်ပြူတာ စစ်ပွဲဂိမ်းများနှင့် VR (virtual reality) ပုံရိပ်ယောင်နည်းပညာ လေ့ကျင့်မှုများကဲ့သို့ လေ့ကျင့်သင်ကြားမှု နည်းလမ်းအသစ်များ ဖန်တီးရေးဆွဲခြင်းအတွက် ဒေတာအချက်အလက်များကို ထောက်ပံ့ပေးနိုင်ကြောင်း PLA ၏ အစီရင်ခံစာတွင် ပြောသည်။ ယခင်ကာလက စစ်တပ်သည် စစ်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် တစ်ဦးချင်း ကောင်းကျိုးသုခပိုင်းအတွက် နိုင်ငံရေးမှူး (political commissars) များထံ လွှဲအပ်သည်။

တရုတ်စစ်တပ်သည် ယင်း၏ လူသစ်စု‌ဆောင်းမှု ရည်မှန်းသတ်မှတ်ချက်များကို တောင်သူများ၏ သားသမီးကလေးများကနေ ၂၀၀၀ ပြည့်နှစ်တွင် ပိုမိုမြင့်မားသော ပညာရေးလယ်ဗယ်တစ်ခုရှိ ကျေးလက်လူငယ်များဘက် ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း PLA အတွက် နောက်ထပ် ခက်ခဲသော စိန်ခေါ်မှုတစ်ခု ဖြစ်ထားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် တရုတ်စစ်တပ်သည် ပစ္စည်းကိရိယာများနှင့် လက်နက်စနစ်များဆိုင်ရာ အကြီးစား အစားထိုးမှုတစ်ခုကို အရှိန်မြှင့်တင်လုပ်ဆောင်ထားခဲ့သည်။

ပိုမို အဆင့်မြှင့် ခေတ်မီလာသော လက်နက်စနစ်များကို ထိန်းချုပ်ကိုင်တွယ်ရန်အတွက် စစ်တပ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်း ကောလိပ်ကျောင်း ဘွဲ့ရ ၁၂၀,၀၀၀ ဦးကျော်ကို စုဆောင်းခေါ်ယူခဲ့သည်။ ယင်းသည် ၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီ အစိုးရ ထူထောင်ပြီးနောက်ပိုင်း အကြီးမားဆုံး ယင်းကဲ့သို့ ခေါ်ယူစုဆောင်းမှုလည်းဖြစ်သည်။

ယင်းနောက်ပိုင်းမှစ၍ ထိုအစဥ်အလာသည် သတ်မှတ်ချက်တစ်ခု ဖြစ်ထားခဲ့ကြောင်း ကာကွယ်ရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၀န်ကြီးဌာနသည် အရည်အချင်းပြည့် ကောလိပ်ကျောင်းသားများကို လုံလုံလောက်လောက် ခေါ်ယူစုဆောင်းနိုင်ရန်အတွက် စစ်မှုမထမ်းမနေရ ဥပဒေဆိုင်ရာ သတ်မှတ်ချက်များကိုလည်း စတင် ကိုက်ညှိပြင်ဆင်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ယင်းသည် အမျိုးသားများအတွက် အရပ်အမြင့် သတ်မှတ်ချက်ကို ၁၆၂ စင်တီမီတာ (၅ ပေ ၄ လက်မ) ကနေ ၁၆၀ စင်တီမီတာ ကို လျှော့ချခဲ့သလို အမျိုးသမီးများအတွက် ၁၆၀ စင်တီမီတာကနေ ၁၅၈ စင်တီမီတာကို လျှော့ချခဲ့သည်။ အဝေးမှုန်နှင့် အဝလွန်နေသော လျှောက်ထားသူများအတွက် သတ်မှတ်စံနှုန်းများကို နှိမ့်ချခဲ့သည်။

မိုဘိုင်းဖုန်းများအပေါ် ပိတ်ပင်ချက်တစ်ခုကို လူငယ်စစ်သားများက ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီးနောက် စစ်တပ်သည် ၂၀၁၅ ခုနှစ်တွင် ထိုကန့်သတ်ချက်ကို ဖြေလျှော့ပေးခဲ့သည်။ ယင်းတွင် စစ်သားများအနေဖြင့် စစ်တပ်၏ သူလျှို တန်ပြန်ဆန့်ကျင်ရေး ဆော့၀ဲကို ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းခဲ့ပြီး ယင်းဆော့၀ဲနှင့်အတူ အသစ်ထူထောင်ခဲ့သည့် အင်တာနက် စီမံခန့်ခွဲရေးစင်တာများက ၎င်းတို့၏ လုပ်ဆောင်မှုများကို အနီးကပ် စောင့်ကြည့်ခွင့်ရှိမည်ဖြစ်သည်။

PLA တွင် ယမန်နှစ်က စစ်မှုမထမ်းမနေရ ဥပဒေဆိုင်ရာ ထပ်တိုးလုပ်ငန်းစဥ်တစ်ခု ရှိခဲ့ပြီး ယင်းအရ အလုပ်အကိုင်များ ရှာဖွေနိုင်ခြင်း မရှိသည့် တက္ကသိုလ်ဘွဲ့ရများကို တပ်ထဲ၀င်ရန် စာရင်းသွင်းခွင့်ပြုထားသည်။

“စစ်သည်တပ်သား ရင်းမြစ်တွေကို တိုးချဲ့ဖို့အတွက် PLA ဟာ တက္ကသိုလ်တက်ဖို့ အရည်အချင်းမမီတဲ့ အထက်တန်းကျောင်းပြီးသူတွေကိုလည်း စတင်စုဆောင်းခေါ်ယူထားပါတယ်” ဟု ကျိုးက ပြောသည်။

“စစ်သား လိုအပ်ချက်က ခုချိန်မှာ အဲလောက်ကြီး အရမ်း အ‌ရေးမကြီးပါဘူး၊ ဒါပေမယ့် တကယ်ဖြစ်နေတာတစ်ခုက အရင်ကထက် ပိုပြီး ပညာတတ်တဲ့ မြို့ပြနေ ကလေးတွေက စစ်တပ်မှာ တာ၀န်ထမ်းဖို့ စိတ်မ၀င်စားဘဲ ဖြစ်နေတာပါ”

ယခုလထဲ ထုတ်ပြန်သည့် တရုတ်၏ ဆယ်စုနှစ်တစ်စုလျှင် တစ်ကြိမ် ထုတ်သည့် လူဦးရေစာရင်းအရ ပြီးခဲ့သည့်နှစ်တွင် ကလေး ၁၂ သန်း မွေးဖွားခဲ့သည်ကို ပြသနေခဲ့ရာ ယင်းက မဟာ အငတ်ဘေးကာလဖြစ်ခဲ့သည့် ၁၉၆၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်သည်။ နိုင်ငံ၏ ကလေးတစ်ဦး မူ၀ါဒကို ဖြေလျှော့ရန်နှင့် စုံတွဲများကို ဒုတိယမြောက် ကလေးတစ်ဦး ယူခွင့်ပြုရန် ၂၀၁၆ ခုနှစ်တွင် အာဏာပိုင်များ ဆုံးဖြတ်ခဲ့သော်လည်း ယင်းက နိုင်ငံ၏ ကျဆင်းနေသော မွေးဖွားမှုနှုန်းကို ပြောင်းပြန်အနေအထား ဖြစ်စေခဲ့ခြင်း မရှိပေ။

တရုတ်၏ ၂၀၂၀ မွေးဖွားမှုနှုန်းမှာ အမျိုးသမီးတစ်ဦးလျှင် ကလေး ၁ ဒသမ ၃ ဦးနှုန်း ဖြစ်ခဲ့သည်ဟု လူဦးရေစာရင်းက ပြသနေခဲ့ရာ ယင်းက တည်ငြိမ်မှုရှိသော လူဦးရေတစ်ရပ်အတွက် လိုအပ်သည့် အစားထိုးမှုလယ်ဗယ် ၂ ဒသမ ၁ အောက်တွင် ရှိနေသည်။

၁၉၇၉ တွင် စတင်ဖော်ဆောင်ခဲ့သည့် ကလေးတစ်ဦး မူ၀ါဒက စစ်တပ်အပေါ် သက်ရောက်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြည်မကြီးရှိ စစ်ဘက်အရာရှိအများအပြားနှင့် လေ့လာစောင့်ကြည်သူများက ၁၉၉၃ ခုနှစ်နောက်ပိုင်းတွင် ထုတ်ဖော်ခဲ့ကြသည်ဟု မကာအို အခြေစိုက် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ အန်တိုနီ ဝေါင်တောင်က ပြောသည်။

PLA စစ်သားများ၏ ၇၀ ရာခိုင်နှုန်းထက်မနည်းသည် ကလေးတစ်ဦးတည်းရှိသည့် မိသားစုများမှ ဖြစ်ပြီး ထိုကိန်းဂဏန်းသည် တိုက်ခိုက်ရေး တပ်သားများအကြား ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း PLA အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ ပါမောက္ခ လျို မင်ဖူက သတိပေးခဲ့သည်ဟု ၂၀၁၂ တွင် ဗဟိုအစိုးရသို့ တင်ပြသည့် လွတ်လပ်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

“PLA ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ အမျိုးသမီး စစ်သားတွေကို ပိုမို စုဆောင်းထားခဲ့တာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်၊ ဒါကတော့ မျိုးဆက်သစ် သွေးသစ်တွေ ပြတ်လပ်မှုအခြေအနေတစ်ရပ်နဲ့ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကျင့်သုံးတဲ့ ပေါ်ပြူလာ နည်းလမ်းတစ်ခုပေါ့” ဟု ဝေါင်က ပြောသည်။

PLA ၏ အင်အား ၂ သန်းရှိ စစ်သည်တပ်ဖွဲ့၀င်များအနက် ၅ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည်ကို ယခင် တရား၀င်ကိန်းဂဏန်းများက ပြသနေခဲ့သော်လည်း ထိုအချိုးအစားသည် ၇ ရာခိုင်နှုန်းထိ မြင့်တက်ထားခဲ့ကြောင်း ကျိုးက ပြောသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်စစ်တပ်၏ ၁၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ဖော်ချက်အရ သိရသည်။

PLA သည် ယင်း၏ ပထမဆုံး အမျိုးသမီး မရိန်းတပ်ဖွဲ့ကို တည်ထောင်ထားပြီး ယင်းကို ၂၀၁၇ Zhurihe စစ်ရေးလေ့ကျင့်ပြသမှုတွင် ပွဲထုတ်ခဲ့သည်။

စစ်ဘက်ဆိုင်ရာ နည်းပညာများ ခေတ်မီတိုးတက်လာမှုကြောင့် စစ်တပ်တွင် အမျိုးသမီးပါ၀င်မှု အချိုးအစား ပိုမိုကြီးမားခြင်းက ကမ္ဘာလုံးဆိုင်ရာ ဦးတည်ရာအလားအလာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ရှန်ဟိုင်းမှ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် နီ လီရှောင်က ပြောသည်။

“အမျိုးသားတွေပဲ ကြီးစိုးတဲ့ တပ်တွေဆိုတာက ခေတ်နောက်ကျတဲ့ အယူအဆတစ်ခုပါ၊ ပြီးတော့ အမိုးအကာအောက်ထဲမှာ ကီးဘုတ်ကိုင်ရင်း ပိုပြီး ပညာတတ်တဲ့ စစ်သည်တွေကို ပိုလိုအပ်ပါတယ်” ဟု နီက ပြောသည်။

“မော်ဒန် စစ်ပွဲမှာက အသိဥာဏ်တု (AI) နည်းပညာ၊ မောင်းသူမဲ့ လေယာဥ်၊ အီလက်ထရောနစ် တန်ပြန်‌ရေးအစီအမံတွေနဲ့ ရုပ်ပိုင်းကာယခွန်အား များများစားစား မလိုတဲ့ အခြား ထိပ်တိုက်တွေ့မှုတွေအပေါ် အာရုံစိုက်မှာဖြစ်ပါတယ်၊ အဲဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အရည်အချင်းရှိ အမျိုးသမီးတွေကို အခန်းကဏ္ဍတစ်ခုကနေ ပိုမိုပါ၀င်ခွင့်ပြုပါလိမ့်မယ်” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required