အာဖရိကတိုက်တွင် တရုတ်ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်သော စီမံကိန်းများ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရ

အာဖရိကတိုက်တွင် တရုတ်ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်သော စီမံကိန်းများ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်၏ ပိုးလမ်းမသစ်စီမံကိန်းသစ်(BRI) ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဖရိကတိုက်တွင် တရုတ်က ငွေကြေးထောက်ပံ့ပေးကာ လုပ်ကိုင်နေသော ဒါဇင်နှင့်ချီသည့် စီမံကိန်းများကို ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဆန့်ကျင်ကန့်ကွက်ကြရာတွင် ရေနံ၊ ကျွန်းသစ်နှင့် သတ္ထုကဲ့သို့သော သယံဇာတများကို တူးဖော်နေသူများသည် ဂေဟစနစ်ကို ဖျက်ဆီးနေကြကြောင်း စွပ်စွဲပြောကြားသည်။

ဆက်ဆံရေးတင်းမာနေသည့် သြစတြေးလျထံမှ သံမဏိများတင်သွင်းနေရမှုကို လျော့ချရန် ဂီနီယာနိုင်ငံ၊ ဆီမန်ဒို တောင်တန်းများတွင် အဆင့်မြင့်သံမဏိကုန်ကြမ်းများ အမြောက်အမြားထုတ်လုပ်ရေးအတွက် တရုတ်က ရင်းနှီးမြှုပ်နှံရန်စီစဉ်နေခြင်းအား အတိုက်အခံများက ဒေသခံများ၏ နေထိုင်မှုဘဝကို ထိခိုက်နိုင်သည်ဟု ပြောဆိုနေကြသည်။

ဘောက်ဆိုက်သတ္ထုကို အခြေခံအဆောက်အဦများတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန် သဘောတူစာချုပ်ကို တရုတ်အစိုးရပိုင် Sinohydro ကော်ပိုရေးရှင်းနှင့် ဂါနာတို့ ချုပ်ဆိုလိုက်ခြင်းက သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြင်းထန်သည့် ဝေဖန်မှုများ ဖြစ်ပေါ်နေသည်။

ယင်းကဲ့သို့ ဝေဖန်မှုများ ရှိနေသော်လည်း ယူဂန်ဒါနှင့် တန်ဇန်းနီးယား တို့သည်ပြီးခဲ့သည့် သီတင်းပတ်က နှစ်နိုင်ငံအကြားရေနံပိုက်လိုင်းတည်ဆောက်ရန် အတည်ပြုခဲ့ကြသည်။

အမေရိကန်နိုင်ငံ Duke တက္ကသိုလ်၏ နီကိုလပ်စ်အင်စတီကျူမှ အကြီးတန်းအရာရှိ အဲလစ်ဇဘက် လော့စ်က အာဖရိကရှိတရုတ်ရန်ပုံငွေဖြင့် ပြုလုပ်သော စီမံကိန်းများသည် လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ကို အကြီးအကျယ်ပျက်စီးစေကြောင်း အတည်ပြုပြောကြားခဲ့သည်။

“တကယ့်စိတ်မကောင်းစရာကတော့ အစောပိုင်းကာလတွေကထဲက ကြိုတင်တိုင်ပင်ပြီး စီစဉ်ခဲ့ရင် ဒီကိစ္စတော်တော်များများက သဘာဝဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ခဲ့မှာပါ” ဟု သူမက ဆိုသည်။

လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်စေခြင်း၊ သဘာဝရတနာများကို ခြိမ်းခြောက်ခြင်းနှင့် သောက်ရေကို ညစ်ညမ်းစေခြင်းမရှိဘဲ ဘောက်ဆိုက်သတ္ထုမည်မျှ ထုတ်လုပ် နိုင်မည်ဆိုသည့် ကဏ္ဍအလိုက် တွက်ချက်မှုမပြုလုပ်ဘဲ ဂါနာ - တရုတ် ရေအားလျှပ်စစ် ထုတ်လုပ်မှုကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း လော့စ်က ပြောကြားခဲ့သည်။

"ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတဲ့ စကားတွေပေါ်ထွက်လာတာနဲ့ ဆန္ဒပြမှုတွေဖြစ်လာတော့တာပဲ။ တရုတ်ရေအားလျှပ်စစ် စီမံကိန်းရဲ့ ဂုဏ်သတင်းက ဂါနာနဲ့ ကမ္ဘာအနှံ့မှာ ပျက်စီးနေပါပြီ" ဟု သူမက ဆိုသည်။

သဘာဝပတ်ဝန်းကျင်အုပ်စုများ၏ ဖိအားပေးမှုကြောင့် အာဖရိကရှိ တရုတ်ကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းများစွာကို အကောင်ထည် မဖော်နိုင်ခဲ့ပေ။

လာမူမြို့တွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းသည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) အသိအမှတ်ပြုထားသည့် ကမ္ဘာ့အမွေအနှစ်နေရာကို အန္တရာယ် ရှိသောကြောင့် တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ခဲ့ရာ ကင်ညာတရားရုံးက ၂၀၁၀၉ ခုနှစ်တွင် ဆက်လက်မလုပ်ဆောင်ရန် အမိန့်ချမှတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly