ကုလလုပ်ငန်းစဉ်များတွင် တရုတ်က ပိုမိုလွှမ်းမိုးရန် လုပ်ဆောင်နေဟု ပညာရှင်များ သုံးသပ်

By Just Earth News
02 June 2021
ကုလလုပ်ငန်းစဉ်များတွင် တရုတ်က ပိုမိုလွှမ်းမိုးရန် လုပ်ဆောင်နေဟု ပညာရှင်များ သုံးသပ်

ရန်ပုံငွေ ပိုမိုထည့်ဝင်ခြင်း၊ အရေးပါသည့် အရာရှိများကို မဟာဗျူဟာတကျနေရာ တာဝန်ပေးအပ်ခြင်းနှင့် ဦးဆောင်နေရာတွင် ရရှိရန် ဩဇာအရှိဆုံးသော အဖွဲ့အစည်းများကို ရွေးချယ်တို့ဖြင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင် ပိုမိုလွှမ်းမိုးရန် လုပ်ဆောင်နေကြောင်း ထင်ရှားသည့် ပညာရှင်များပါဝင်သော Gateway House အဖွဲ့က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာနှင့်ဆိုင်သော အဖွဲ့အစည်းအများအပြားတွင် တရုတ်နိုင်ငံသည် လူပုဂ္ဂိုလ်နှင့် ရန်ပုံငွေအပိုင်းတို့၌ လွှမ်းမိုးမှု ပိုမိုလုပ်ဆောင်လာကြောင်း Gateway House အဖွဲ့က တွေ့ရှိထားသည်။

တရုတ်နိုင်ငံက အဓိကပါဝင်ထားသည့် အဖွဲ့အစည်းများမှာ နိုင်ငံတကာ ဆက်သွယ်ရေးအစုအဖွဲ့ (ITU)၊ ကုလသမဂ္ဂ စက်မှုကဏ္ဍဖွံ့ဖြိုးရေးအဖွဲ့အစည်း (UNIDO) ၊ နိုင်ငံတကာလေကြောင်း ပျံသန်းရေးဆိုင်ရာအဖွဲ့အစည်း(ICAO) ၊ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) နှင့် နိုင်ငံတကာ ပင်လယ်ရေကြောင်းအဖွဲ့အစည်း (IMO)တို့ ဖြစ်သည်။

ကမ္ဘာ့ ဆက်သွယ်ရေးစံနှုန်းများကို သတ်မှတ်သည့် ITU တွင် တရုတ်နိုင်ငံမှ ဟွာဝေးကုမ္ပဏီသည် အဓိက နေရာတွင် ပါဝင်နေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်မှုလုပ်ငန်းတိုးတက်ရေးအတွက် UNIDO ကို ဖွဲ့စည်းထားသော်လည်း ယင်းအဖွဲ့သည် အထောက်အကူ မဖြစ်သောကြောင့် အရေးပါမှုကျဆင်းလာပြီး တရုတ်နိုင်ငံအပေါ်တွင် တာဝန်ရှိလာသည့်အခါ တရုတ်က ချက်ခြင်းပင် ၎င်း၏ ပိုးလမ်းမသစ်စီမံကိန်း (BRI) နှင့် ချိတ်ဆက်လိုက်ပြီး UNIDO ၏ ထောက်ခံမှု ရရှိလာသည်။

လေကြောင်းပျံသန်းရေးနှင့် ဘေးကင်းရေးစံနှုန်းများကို သတ်မှတ်သည့် ICAO တွင် တရုတ်၏ ဩဇာကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ဆွေးနွေးမှုများတွင် ထိုင်ဝမ်အား မပါဝင်စေခဲ့ပေ။ မမျှတစွာ လွှမ်းမိုးထားခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တွင်လည်း အလားတူပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်တွင် ကမ္ဘာ့နိုင်ငံများက ဝင်ရောက်နေစဉ် တရုတ်ကလည်း နိုင်ငံအပြင်ဖက် ကမ္ဘာလုံးဆိုင်ရာ စနစ်များတွင် လွှမ်းမိုးနိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ကြောင်း အဆိုပါ ပညာရှင်များအဖွဲ့က သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required