ရုရှား၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် IS မှ ဆီးရီးယားများ ထိုင်းသို့ဝင်ရောက်ခဲ့

ရုရှား၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် IS မှ ဆီးရီးယားများ ထိုင်းသို့ဝင်ရောက်ခဲ့

ဘန်ကောက်၊ ဒီဇင်ဘာ ၄ ။          ။ အိုင်အက်စ်နှင့် ဆက်နွယ်နေသည့် ဆီးရီးယားလူမျိုးဆယ်ဦးသည် ရုရှား၏အကျိုးစီးပွားများကို တိုက်ခိုက်ရန် အောက်တိုဘာလက ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည်ဟု ရုရှားပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့မှ သတင်းအချက်အလက်များကို ကိုးကားလျက် ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆီးရီးယားရှိ အိုင်အက်စ်များကို တိုက်ခိုက်ရာတွင် ပါဝင်နေသော မဟာမိတ်များနှင့် ဆက်စပ်နေသည့် ရိပ်သာများအပါအဝင် ရုရှားအာဏာပိုင်များက စိုးရိမ်နေသည့် ပစ်မှတ်ဧရိယာများတစ်ဝိုက် လုံခြုံရေးအရှိန်မြင့်ရန် ထိုင်းအထူးရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ရုရှားသည် ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုကို စက်တင်ဘာ ၃၀တွင် စတင်ခဲ့ပြီး မကြာသေးမီ သီတင်းပတ်များအတွင်း တိုက်ခိုက်မှုအရှိန်မြင့်တင်ခဲ့သည်။ အောက်တိုဘာလက အီဂျစ်နိုင်ငံပေါ်တွင် ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းကို ပစ်ချသည်မှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အိုင်အက်စ်က ပြောကြားထားသည်။ ယင်းလေယာဉ်ပေါ်ပါ လူ ၂၂၄စလုံးသေဆုံးခဲ့သည်။

ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကိစ္စများကို ကိုင်တွယ်နေသော ၎င်းအထူးတပ်ဖွဲ့သည် ယင်းစာရွက်စာတမ်းကို အခြားရဲတပ်ဖွဲ့များထံသို့လည်း ဖြန့်ဝေခဲ့သည်ဟု အကြီးတန်းရဲအရာရှိနှစ်ဦးက ရိုက်တာသို့ပြောကြားခဲ့သည်။

ဆီးရီးယားဆယ်ဦးသည် အောက်တိုဘာ ၁၅မှ ၃၁ အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ရုရှားထောက်လှမ်းရေးက သတိပေးခဲ့ကြောင်း အထူးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်စွဲဖြင့် အဆောတလျင်ဟု အမှတ်အသားပြုထားသော ၎င်းစာရွက်စာတမ်းသည် ဒီဇင်ဘာ၃က လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။

"ဒီစာရွက်စာတမ်းက အစစ်အမှန်ပါ။ ဒါကို အထူးတပ်ဖွဲ့ဆီက ကျွန်တော်တို့ ရခဲ့တာပါ"ဟု နိုင်ငံတကာမှုခင်းများကို ကိုင်တွယ်နေသော ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

"ဒီပြသနာကို ကျွန်တော်အခု ကိုင်တွယ်ဖို့ရှိပါတယ်။ မူလဆက်သွယ်မှုက ရုရှားနဲ့ ထိုင်းရဲတွေကြားက နုတ်ပြောစကားပါ။ စာရွက်စာတမ်းဘယ်လိုပေါက်ကြားတယ်ဆိုတာတော့ ကျွန်တော်မသိပါဘူး"

မသင်္ကာသူလေးဦးသည် ပင်လယ်ကမ်းခြေရှိ ပတ္တယားမြို့သို့လည်းကောင်း အခြားသံသယရှိသူနှစ်ဦးမှာ ဖူးခက်သို့လည်းကောင်း၊ နောက်သံသယရှိသူနှစ်ဦးမှာ ဘန်ကောက်နှင့် ကျန်သံသယရှိသူနှစ်ဦးမှာ မသိရသည့်နေရာတစ်ခုသို့ လည်းကောင်း အသီးသီးသွားရောက်ခဲ့သည်ဟု အထူးတပ်ဖွဲ့က ပြောကြားခဲ့သည်။ သံသယရှိသူများ၏ အမည်များကိုမူ ရဲတပ်ဖွဲ့က မပြောကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly