မလေးရှားမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်တာကြောင့် တစ်နိုင်ငံလုံး လော့ဒေါင်းချ 

မလေးရှားမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်တာကြောင့် တစ်နိုင်ငံလုံး လော့ဒေါင်းချ 
Photo - AFP

 ဇွန် ၂

အရှေ့တောင်အာရှတစ်ခွင်က နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေကြောင့် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတာနဲ့ ရင်ဆိုင်နေရချိန် မလေးရှားနိုင်ငံမှာ ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ရင်ဆိုင်တိုက်ဖျက်ဖို့အတွက် အင်္ဂါနေ့ကစတင်လို့ တစ်နိုင်ငံလုံး လော့ဒေါင်းချလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ကပ်ဘေး ပထမလှိုင်းမှာ ရုတ်ခြည်းနယ်စပ်တွေ ပိတ်ချတာနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေ ချမှတ်ခဲ့တာကြောင့် ဒေသရဲ့ နေရာအများစုဟာ ကပ်ဘေးပထမလှိုင်းကနေ လွတ်မြောက်ခဲ့ပါတယ်။ 

ဒါပေမဲ့ ထိုင်းကနေ ဗီယက်နမ်အထိ နိုင်ငံတွေဟာ လက်ရှိမှာ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာနဲ့ ကြုံဆုံနေရပြီး နှေးကွေးတဲ့ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းစဉ်တွေနဲ့ ကန့်သတ်တားမြစ်ချက်တွေကို အများပြည်သူက ငြီးငွေ့နေတာတွေအတူ မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းအားထုတ်နေရပါတယ်။ 

ဒီအထဲမှာ မလေးရှားနိုင်ငံဟာလည်း အဆိုးဆုံး ကူးစက်မှုဖြစ်နေတဲ့ နိုင်ငံတွေထဲ တစ်နိုင်ငံ ဖြစ်လာပါတယ်။ ကပ်ဘေးစတင်ချိန်ကစလို့ လူဦးရေ ၃၂ သန်းရှိရာ မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၈၀၀ နီးပါးရှိပြီး ၄၀ ရာခိုင်နှုန်းကျော်က မေလတစ်လတည်းမှာပဲ သေဆုံးတာ ဖြစ်ပါတယ်။ 

ကူးစက်ဖြစ်ပွားသူနှုန်းထားက ၅၇၀၀၀၀ ကျော်ရှိရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စံချိန်တင် နေ့စဉ်ကူးစက်နှုန်း မြင့်မားခဲ့တာ ဖြစ်ပါတယ်။ 

မျိုးကွဲကိုရိုနာဗိုင်းရပ်စ်တွေကြောင့် ကူးစက်ဖြစ်ပွားမှု မြင့်တက်ရသလို ရာမာဇန်လမြတ်နဲ့ အိဒ်ပွဲတော်ကာလတွေမှာ မွတ်စလင်အများစု မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကို မနာခံဘဲ လူစုရုံးမှုတွေ ရှိခဲ့တာကလည်း ကူးစက်မှုနှုန်းကို တိုးမြင့်စေခဲ့ပါတယ်။ 

စူပါမားကက်တွေနဲ့ ဆေးဆိုင်တွေလို မရှိမဖြစ် စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေက လွဲပြီး အင်္ဂါနေ့ကစလို့ အလုံးစုံလော့ဒေါင်းချပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လိုအပ်တာတွေ ဝယ်ယူဖို့အတွက် အပြင်ထွက်နိုင်ကြမှာဖြစ်သလို စာသင်ကျောင်းအများစုကိုလည်း ပိတ်ထားပြီဖြစ်ပါတယ်။ 

ပြည်တွင်း နေရာတော်တော်များများမှာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်တားမြစ်ထားပြီး ဖြစ်ပါတယ်။ 

ဒီထပ် ပို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ တောင်းဆိုကြတာတွေ အများအပြားရှိပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ကြွေးမတင်အောင် မနည်းရုန်းကန်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများစွာအတွက် အခု သီတင်းနှစ်ပတ်တာ လော့ဒေါင်းက ထိုးနှက်ချက်သစ် ဖြစ်လာလိမ့်မှာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required