ကိုဗစ်-၁၉ ရောဂါ တရုတ်ဓာတ်ခွဲခန်းမှ စတင်သည့် အထောက်အထားပိုမိုခိုင်မာလာ

ကိုဗစ်-၁၉ ရောဂါ တရုတ်ဓာတ်ခွဲခန်းမှ စတင်သည့် အထောက်အထားပိုမိုခိုင်မာလာ

ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်ပိုးသည် တိရစ္ဆာန်မှ လူသို့ ကူးစက်ခဲ့ကြောင်း သုတေသနပညာရှင်များက အတည်မပြုသေးမီ အဆိုပါရောဂါ၏ မူလဇစ်မြစ်သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ စတင်ခဲ့သည်ဆိုသော သုံးသပ်ယူဆချက်သည် ပိုမိုခိုင်မာလာကြောင်း အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) အကြီးအကဲဟောင်းက ပြောကြားလိုက်သည်။

ကိုဗစ်-၁၉ ဗိုင်းရပ်သည် ဓာတ်ခွဲခန်းမှ စိမ့်ထွက်ခဲ့ကြောင်းကို ကောက်ချက်ချနိုင်ရန် ခိုင်မာအားကောင်းသည့် အထောက်အထားများ ပိုမိုရရှိလာကြောင်း FDA အကြီးအကဲဟောင်း စကော့ဂေါတီလက်က ပြောကြားသည်။

မားစ်နှင့် ဆားစ်ပိုးများနှင့် မတူဘဲ ဗိုင်းရပ်ပိုးအား ကြားမှတစ်ဆင့် လက်ခံသည့် လက်ခံကောင်ကို မသိရှိရသေးကြောင်း ဂေါ်တီလက်က ပြောသည်။

စတင်ဖော်ထုတ်မည်သူ သို့မဟုတ် တရုတ်နိုင်ငံတွင် အစိုးရ အပြောင်းအလဲမရှိပါက ကိုဗစ်-၁၉ သည် ဓာတ်ခွဲခန်းမှ လွတ်ထွက်လာခြင်း ဟုတ်မဟုတ်ကို ကမ္ဘာက သိနိုင်လိမ့်မည်မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်ဟု The Hill တွင် ဖော်ပြခဲ့သည်။

ကိုဗစ်-၁၉ ကဲ့သို့ ရောဂါလက္ခဏများနှင့် ပထမဆုံးလူနာတွေ့ရှိခြင်းကို တရုတ်အစိုးရက မထုတ်ပြန်မီ ဝူဟန်ဗိုင်းရပ်ရောဂါဌာနမှ သုတေသန (WIV) ပညာရှင် ၃ဦးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးရုံသို့ တင်ခဲ့ရကြောင်း Wall Street Journal ကလည်း ဖော်ပြခဲ့သည်။

“WIV သုတေသနဌာနက သုတေသနပညာရှင်တွေ ၂၀၁၉ ခုနှစ်၊ နွေဦးကာလမှာ ဖျားနာမှု ဖြစ်ပွားခဲ့တယ်ဆိုတာ အမေရိကန်အစိုးရအနေနဲ့ လက်ခံယုံကြည်နိုင်လောက်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ ပုံမှန်ရာသီဖျားနာမှု လက္ခဏာတွေဖြစ်ခဲ့တာပါ” ဟု သတင်းတွင် ဖော်ပြခဲ့သောကြောင့် ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စိမ့်ထွက်သည်ဆိုသော အယူအဆကို ပိုမိုအားကောင်းလာစေသည်။

ကိုဗစ်-၁၉ ရောဂါအစောပိုင်းဖြစ်ပွားခဲ့သည့်အချက်အလက်အကြမ်းဖျင်းကို WHO ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပေးရန် တရုတ်အစိုးရက ငြင်းဆိုခဲ့သည်။ ရောဂါစတင် ဖြစ်ပွားပြီးနောက် လအတော်ကြာသည်အထိ နိုင်ငံတကာစုံစမ်း စစ်ဆေးသူများအား လာရောက်ခွင့်ကို ကြန့်ကြာအောင် လုပ်ခဲ့သည်ဟု တရုတ်အစိုးရကို စွပ်စွဲထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required