ကိုဗစ်ရောဂါနှင့် တရုတ်ကျူးကျော်မှုတို့ကြောင့် ဖိလစ်ပိုင်တံငါသည်များ အခက်အခဲ နှစ်ဆ ပိုမိုကြုံတွေ့နေ

ကိုဗစ်ရောဂါနှင့် တရုတ်ကျူးကျော်မှုတို့ကြောင့် ဖိလစ်ပိုင်တံငါသည်များ အခက်အခဲ နှစ်ဆ ပိုမိုကြုံတွေ့နေ

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောနေရာများတွင် တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သောပိတ်ဆို့မှုများကြောင့် ဖမ်းမိသော ငါးများကို ဖြန့်ဖြူးရန် အခက်အခဲဖြစ်နေခြင်းက ဖိလစ်ပိုင်တံငါသည်များ၏ ဘဝရပ်တည်ရေးကို ခြိမ်းခြောက်နေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားသည်။

ဖိလစ်ပိုင်သီးသန့်စီးပွားရေးဇုန် (EEZ) တွင် တရုတ်ငါးဖမ်းလှေများတည်ရှိနေခြင်းကြောင့် ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည်ဟု မြောက်ပိုင်းရှိ ငါးဖမ်းပြည်နယ်များဖြစ်သော ဇမ်ဘလဲနှင့် ပန်ဂါဆင်နန်ဒေသမှ တံငါသည်များစုဖွဲ့ထားသည့် BIGKIS အသင်းမှ အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ထို့ပြင် အသွားအလာထိန်းချုပ်သည့် စစ်ဆေးရေးဂိတ်များက စည်ပင်သာယာရေပိုင်နက်မှ ဖမ်းမိသောငါးများကို ငါးဈေးကွက်ကြီးများသို့ သယ်ယူပို့ဆောင်ရေးအတွက် အတားအဆီးများဖြစ်နေသဖြင့် ဖမ်းမိသော ငါးများကို အရှုံးခံရောင်းနေရသည်။

၂၀၁၂ ခုနှစ်မှစ၍ တရုတ်က ဒေသတွင်းရှိ ကျွန်းများနှင့် သန္တာကျောက်တန်းများတွင် စစ်ရေးဆိုင်ရာအဆောက်အအုံများတည်ဆောက်နေပြီး တောင်တရုတ်ပင်လယ်ပြင်တွင် တရုတ်၏ “ ရန်လိုသော” ကျူးကျော်မှုကြောင့် ၎င်းကဲ့သို့သော တံငါသည်များသည် ထိခိုက်နစ်နာခဲ့ရကြောင်း အသက် ၃၅ နှစ်အရွယ် ဗန်းဆင့်တေး ပူအန်က DW သို့ ပြောကြားသည်။

"မိသားစုကို ကျွေးဖို့ ငါးတောင်လုံလုံလောက်လောက်မရှိတော့ပါဘူး။ အရှုံးခံရောင်းရပြီး အကြွေးနွံနစ်နေပါပြီ။ ငတ်လဲ ငတ်နေပါပြီ" ဟု ပူအန်က ပြောသည်။

ကပ်ရောဂါကြောင့် ကာလကြာရှည်စွာ ပိတ်ဆို့ထားသဖြင့် စီးပွားရေးနှေးကွေးလာသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းကဲ့သို့သော အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများလည်း ပျောက်ကွယ်သွားသည်။

"ကျွန်တော်တို့ရဲ့ တံငါသည်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ ကျွန်တော်တို့က အသက်မွေးဝမ်းကြောင်းကိစ္စကိုပဲ ပြောနေတာမဟုတ်ပါဘူး ရှင်သန်နေထိုင်ခွင့်အကြောင်းကို ပြောနေတာပါ" ဟု သာမန်လူထုအခြေပြု NGOဖြစ်သော ပြည်သူ့ဖွံ့ဖြိုးမှုအင်စတီကျူအဖွဲ့မှ ဥက္ကဌ ရီအာတီဗစ်က DW သို့ ပြောကြားခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို အခိုင်အမာတောင်းဆိုထားသော်လည်း ၂၀၁၆ ခုနှစ်တွင် သည်ဟိဂ်မြို့ရှိ အမြဲတမ်းခုံသမာဓိတရားရုံးက တရုတ်၏ တောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေနှင့် မကိုက်ညီကြောင်းဆုံးဖြတ်ခဲ့သည်။

ဒေါ်လာ ၃ ထရီလီယံခန့် တန်ဖိုးရှိသော ကုန်ပစ္စည်းများကို တင်ဆောင်သည့် ကုန်တင်သင်္ဘောများသည် ယင်း အငြင်းပွားနေသော ရေပိုင်နက်များမှ နှစ်စဉ် ဖြတ်သန်းသွားလာနေပြီး ယင်းနေရာသည် ငါးသယံဇာတလည်းပေါများသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly